DVB Logo
Home
မြန်မာသတင်း
ထိုင်းနိုင်ငံရှိ  မြန်မာစစ်ဘေးဒုက္ခသည်များကို အလုပ်လုပ်ခွင့်ပေးရန်  TBC တိုက်တွန်း
DVB
·
June 20, 2025
ထိုင်းနိုင်ငံရှိ  မြန်မာစစ်ဘေးဒုက္ခသည်များကို အလုပ်လုပ်ခွင့်ပေးရန်  TBC တိုက်တွန်း
Donate to DVB

ထိုင်းနိုင်ငံမှာ ခိုလှုံရောက်နေတဲ့ မြန်မာစစ်ဘေးဒုက္ခသည်တွေကို တရားဝင်အလုပ်လုပ်ခွင့်ပေးဖို့ ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်စခန်းတွေကို ကူညီထောက်ပံ့ပေးနေတဲ့ ဘန်ကောက်အခြေစိုက် The Border Consortium (TBC) က တိုက်တွန်းလိုက်ပါတယ်။

ဇွန် ၂၀ ရက် ဒီကနေ့ ကျရောက်တဲ့ ကမ္ဘာ့ဒုက္ခသည်များနေ့ World Refugee Day မှာ ထုတ်ပြန် တိုက်တွန်းလိုက်တာပါ။

ဒုက္ခသည်တွေကို တရားဝင် အလုပ်လုပ်ခွင့်ပြုလိုက်ရင် ကိုယ့်မိသားစုကို ကိုယ်ထောက်ပံ့နိုင်ပြီး လျော့နည်းလာတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေအပေါ် မှီခိုနေရတာကို လျှော့ချနိုင်မယ်လို့ ထောက်ပြထားပါတယ်။

ဒါ့အပြင် ဒုက္ခသည်တွေအနေနဲ့ ဒုက္ခသည်စခန်းတွေရဲ့ ကန့်သတ်ချက်တွေ အလွန်မှာ ဂုဏ်သိက္ခာရှိပြီး ရေရှည်တည်တံ့တဲ့ ဘဝတွေကို တည်ဆောက်ဖို့ အခွင့်အလမ်းတွေ ရသင့်တယ်လို့လည်း ဆိုပါတယ်။

ထိုင်းနိုင်ငံက ဒုက္ခသည်တွေကို အဲဒီလို အလုပ်လုပ်ခွင့်ပေးလိုက်ရင် အကူအညီတွေပေါ်မှာ မှီခိုတာ လျှော့ချနိုင်ပြီး မြန်မာနိုင်ငံက စစ်ရှောင် ၃ သန်းခွဲကျော်ကို ပိုပြီးထောက်ပံ့နိုင်မယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ထိုင်းအစိုးရနဲ့ နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်တွေအတွက် ကူညီထောက်ပံ့မှုနဲ့ အခွင့်အလမ်းတွေ တိုးမြှင့်ပေးဖို့လည်း TBC ရဲ့ ထုတ်ပြန်ချက်မှာ တိုက်တွန်းထားပါတယ်။

နိုင်ငံတကာရဲ့ အကူအညီတွေနည်းပါးလာတာကြောင့် နယ်စပ်အကူအညီပေးရေး ညွန့်ပေါင်းအဖွဲ့ (TBC) ဟာ ထိုင်း-မြန်မာနယ်စပ်က စစ်ဘေးဒုက္ခသည်တွေအတွက်ပေးနေတဲ့အကူအညီတွေကို  ပြီးခဲ့တဲ့ ဧပြီလကစပြီး တလကို မြန်မာငွေ ကျပ် ၁၀,၀၀၀ အောက်နဲ့ညီမျှတဲ့ ထိုင်းဘတ်ငွေအထိ လျှော့ချလိုက်တာကြောင့် ဒုက္ခသည်စခန်းအတွင်း နေထိုင်သူတွေ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ဟာ နိုင်ငံတကာ ကူညီထောက်ပံ့ရေး အစီအစဉ်တွေ ရပ်ဆိုင်းဖို့ လက်မှတ်ထိုး အမိန့်ထုတ်လိုက်တာကြောင့်လည်း အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီ (USAID) လက်အောက် လူသားချင်းစာနာ အကူအညီပေးရေး လုပ်ငန်းတွေထဲက တခုဖြစ်တဲ့ အမေရိကန်ရဲ့ ဒုက္ခသည်များ ကျန်းမာရေးအကူအညီပေးရေးအဖွဲ့ (IRC) ရဲ့ ကျန်းမာရေးဝန်ဆောင်မှုတွေက ဇန်နဝါရီလက စတင် ရပ်နားခဲ့ပါတယ်။

ဒါ့အပြင် အမေရိကန်ပြည်ထောင်စုကို ဒုက္ခသည်တွေ ရွှေ့ပြောင်းအခြေချနေထိုင်ခွင့်ပေးထားတဲ့ ဒုက္ခသည်လက်ခံရေး အစီအစဉ်ကိုလည်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ဇန်နဝါရီ ၂၀ ရက်က ဆိုင်းငံ့ဖို့ လက်မှတ်ရေးထိုး အမိန့်ထုတ်ပြန်ထားပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ လောက်ကတည်းက မြန်မာပြည်တွင်း နိုင်ငံရေးမတည်ငြိမ်မှု၊ မြန်မာစစ်တပ်ရဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေအပေါ် ဖြတ် ၄ ဖြတ် စစ်ဆင်ရေးတွေကြောင့် သိန်းနဲ့ချီတဲ့ တိုင်းရင်းသားပြည်သူတွေ ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းတွေဆီမှာ ခိုလှုံနေခဲ့ကြရတာပါ။

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ ကန်ကျနပူရီ၊ ရာ့ချ်ပူရီနဲ့ မယ်ဟောင်ဆောင်ခရိုင်တွေမှာ ဒုက္ခသည်စခန်း စုစုပေါင်း ၉ ခုရှိကာ လူပေါင်းတသိန်းကျော် ခိုလှုံနေကြဆဲဖြစ်ပြီး တချို့က တတိယနိုင်ငံတွေကို မိသားစုလိုက် ထွက်ခွာသွားခဲ့ကြပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013