DVB Logo
Home
မြန်မာသတင်း
စမွတ်ပရကန်တွင် မြန်မာလုပ်သားများ ပစ်ခတ်ခံရပြီး  ၁ ဦးသေဆုံး၊ ၁ ဦး ဒဏ်ရာရ
DVB
·
June 20, 2025
စမွတ်ပရကန်တွင် မြန်မာလုပ်သားများ ပစ်ခတ်ခံရပြီး  ၁ ဦးသေဆုံး၊ ၁ ဦး ဒဏ်ရာရ
Donate to DVB

ထိုင်းနိုင်ငံအလယ်ပိုင်း၊ စမွတ်ပရကန်ခရိုင်၊ ဖရပဒဲန်းမြို့ထဲမှာ ဇွန် ၁၈ ရက်ညက အိမ်ရှေ့မှာ ဝိုင်းဖွဲ့ပြီး အရက်သောက်နေတဲ့ မြန်မာအလုပ်သမားတွေကို ဆူညံတယ်ဆိုပြီး အိမ်နီးချင်း ထိုင်းတယောက်က သေနတ်နဲ့ပစ်တာကြောင့် တယောက်သေဆုံးပြီး တယောက် ဒဏ်ရာရသွားတယ်လို့ စမွတ်ပရကန် ဒေသတွင်းသတင်းမှာ ဖော်ပြပါတယ်။

ဇွန် ၁၈ ရက် ည ၉ နာရီ ၄၆ မိနစ်က ဖစ်ချ်ဟင်လမ်းသွယ် ၂၂ ထဲမှာ ပစ်ခတ်မှုဖြစ်ပြီး ဒဏ်ရာရသူရှိကြောင်း အကြောင်းကြားချက်ရတဲ့အတွက် သွားရောက်စစ်ဆေးခဲ့တယ်၊ အခင်းဖြစ်တဲ့နေရာမှာ တယောက်သေဆုံး၊ တယောက် ဒဏ်ရာရတယ်။ သေဆုံးသူမှာ ဒဏ်ရာတွေနဲ့ ဆေးရုံကို ပို့ပေးနေစဉ်မှာပဲ သေဆုံးသွားတယ်၊ အနီးနားမှာ ၉ မမ ကျည်ခွံ တွေ့ရတယ်လို့ ဖရပဒဲန်း နယ်မြေရဲစခန်း တာဝန်ရှိသူက ပြောပါတယ်။

သေဆုံးသူမှာ အသက် ၃၀ နှစ်အရွယ် မဝေဝေလွင်နဲ့ ဒဏ်ရာရသူကတော့ မောင်ရန်ပိုင် (၁၈ နှစ်) ဖြစ်ပြီး မဝေဝေလွင်မှာ သေနတ်ကျည်ဆန်က ရင်ဘတ်ညာဘက်ကနေ နောက်ကျောထိ ပေါက်ထွက်သွားကာ မောင်ရန်ပိုင်ကတော့ တင်ပါးဆုံရဲ့ ညာဘက်ကို ဝင်သွားတာလို့ ဆိုပါတယ်။

အနီးနား မျက်မြင်သက်သေတွေ မေးမြန်းချက်အရ သေနတ်နဲ့ပစ်ခတ်သူဟာ နိုင်းကျီလ်ဒွန်း    ကယောက်ဆုခ် (၅၂ နှစ်) ဆိုသူ ထိုင်းအမျိုးသားတယောက် ဖြစ်တယ်၊ သူက အဲဒီနားက နေအိမ်မှာ နေထိုင်တဲ့ ညီမဆီကို ခဏလာတာဖြစ်တယ်၊ ကလေးကို ညီမဆီမှာ လာအပ်ထားတာဖြစ်ပြီး မုန့်နဲ့ ကစားစရာ လာပို့တယ်၊ အဲဒီနောက် ချက်ချင်းမပြန်ဘဲ အိမ်ရှေ့မှာ တယောက်တည်း အရက်ထိုင်သောက်တယ်၊ ထိုစဉ် တဖက်က မြန်မာအလုပ်သမားတွေ ဝိုင်းထိုင်နေတဲ့ဘက်မှာ ဆူညံကျယ်လောင်တဲ့ ရန်ဖြစ်သံတွေ ကြားရတယ်၊ နိုင်းကျီလ်က အသံမကျယ်ဖို့ ပြောပြီး သေနတ်နဲ့ ၂ ချက် တခါ၊ ၄ ချက်တခါ ပေါင်း ၆ ခါ ပစ်ကာ ခြိမ်းခြောက်တယ်၊ ဒါပေမဲ့ လူကိုထိပြီး သေဆုံးဒဏ်ရာရတာလို့ ဆိုပါတယ်။

နိုင်းကျီလ်ဒွန်းဟာ ပြစ်ခတ်မှုကျူးလွန်ပြီး တိမ်းရှောင်နေတာမှာ ရဲတပ်ဖွဲ့က သူ့ကို ဖရပဒဲန်းမြို့ ဆုခ်ဆဝပ် ၇၀ လမ်းထဲမှာ ဖမ်းဆီးရမိပြီး ခွင့်ပြုချက်မရဘဲ သေနတ်ကိုင်ဆောင်မှု၊ အများပြည်သူ နေထိုင်ရာ ရပ်ကွက်ထဲမှာ သေနတ်ပစ်ခတ်မှုနဲ့ လူသေဆုံးဒဏ်ရာရအောင် ပစ်ခတ်မှုတွေနဲ့ အရေးယူသွားမယ်လို့ ဖရပဒဲန်းရဲတပ်ဖွဲ့က ပြောပါတယ်။

Source: Samut Prakan News / GMM25Thailand

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013