
မကွေးတိုင်း၊ မင်းဘူး(စကု)မြို့နယ်မှာ မိုးအဆက်မပြတ် ရွာသွန်းတာကြောင့် သီးနှံစိုက်ခင်း ဧကပေါင်း ၄,၀၀၀ ကျော် ရေနစ်မြုပ် ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်ခဲ့တဲ့ မုန်တိုင်းငယ်ရဲ့အရှိန်နဲ့ မိုးအဆက်မပြတ် ရွာသွန်းမှုဒဏ်ကြောင့် မင်းဘူး(စကု) မြို့နယ်မှာ အခုနှစ် တောင်သူတွေ စိုက်ပျိုးထားတဲ့ နွေနှမ်း ၄,၀၁၅ ဧကနဲ့ မိုးနှမ်း ၆၇ ဧက စုစုပေါင်းနှမ်း ၄,၀၈၂ ဧကအထိ ရေနစ်မြုပ် ပျက်စီးခဲ့တာလို့ ဆိုပါတယ်။
မင်းဘူးမြို့နယ်က နှမ်းစိုက်တောင်သူတယောက်က “ရက်ရှည်မိုးမိတဲ့ဒဏ်ကြောင့် ပုပ်ပွ ပျက်စီးခဲ့တာ။ ရေမြုပ်သွားတာ ၂ ပတ်လောက်ဆိုတော့ အကုန်သေကုန်တာပေါ့။ နှမ်းခင်းတွေချည်းပဲ ပျက်စီးတာများတယ်။ ဘာမှကို ပြန်မရတာပါ” လို့ ပြောပါတယ်။
မိုးကြီးတဲ့ဒဏ်ကြောင့် မင်းဘူး(စကု)မြို့နယ်ထဲက ခွန်သာ၊ ကြီးကံ၊ ရွှေချောင်း၊ ကျောက်စစ်ပုံ၊ ကဒီး၊ ပန်းလွှား၊ ရေပုတ်နဲ့ ကုလားပါး စတဲ့ကျေးရွာအုပ်စုတွေက ဒေသခံတောင်သူတွေ စိုက်ပျိုးထားတဲ့ နှမ်းစိုက်ကွင်းတွေ ရေနစ်ပျက်စီးမှု ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။
မင်းဘူး(စကု)မြို့နယ် စိုက်ပျိုးရေးဌာနနဲ့ နီးစပ်သူက “ကျေးရွာတွေက စိုက်ကွင်းပေါင်း ၂၆ ကွင်းမှာရှိတဲ့ တောင်သူ အယောက် ၃၀၀ ကျော်ရဲ့ ဆီထွက်သီးနှံ စိုက်ခင်းတွေဖြစ်တဲ့ နွေနဲ့ မိုးနှမ်းခင်းတွေ ပျက်စီးခဲ့တာပါ။ အစားထိုးသီးနှံတွေ စိုက်ပျိုးဖို့ သက်ဆိုင်ရာဌာန အဖွဲ့အစည်းတွေက စီစဉ်နေပါတယ်” လို့ ပြောပါတယ်။
အခုလို နှမ်းခင်းတွေ ရေနစ်မြုပ်ပျက်စီးခဲ့တာကြောင့် နှမ်းဆီအထွက်နှုန်း လျော့ကျသွားတဲ့အတွက် စားဆီလိုအပ်ချက် မြင့်တက်လာနိုင်ပြီး ဈေးနှုန်း မြင့်တက်လာနိုင်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
နှမ်းစိုက်ခင်းတွေ ထိခိုက်ပျက်စီးဆုံးရှုံးမှု အခြေအနေတွေကို မကွေးတိုင်းဝန်ကြီးချုပ် ဦးတင့်လွင်နဲ့ တာဝန်ရှိသူတွေက ဇွန် ၁၄ ရက်က ကျေးရွာတွေအရောက် သွားရောက် ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြတယ်လို့ သိရပါတယ်။