DVB Logo
Home
မြန်မာသတင်း
မကွေးဆေးရုံကြီးတွင် ကိုဗစ်လူနာ ၁ ဦး သေဆုံး
DVB
·
June 18, 2025
မကွေးဆေးရုံကြီးတွင် ကိုဗစ်လူနာ ၁ ဦး သေဆုံး
Donate to DVB

မကွေးတိုင်း၊ မကွေးမြို့ ဆေးရုံကြီးမှာ တက်ရောက်ကုသနေတဲ့ ကိုဗစ်-၁၉  ကူးစက် လူနာတယောက် ဇွန် ၁၇ ရက်က သေဆုံးသွားတယ်လို့ မြို့နယ်ကျန်းမာရေးဌာနနဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။

သေဆုံးသွားတဲ့ ကိုဗစ်လူနာဟာ တောင်တွင်းကြီးမြို့၊ ရွှေအိုး ၁ ရပ်ကွက်မှာ နေထိုင်တဲ့ အသက် ၃၁ နှစ်အရွယ် အမျိုးသားဖြစ်ပြီး မကွေးမြို့ဆေးရုံကြီးမှာ တက်ရောက်ကုသမှု ခံယူနေစဉ် သေဆုံးခဲ့တာလို့ ဆိုပါတယ်။

ကျန်းမာရေးဌာနနဲ့ နီးစပ်သူက “ကိုဗစ်ကူးစက်နှုန်း သိသိသာသာ တိုးလာတယ်။ အခုလို သေဆုံးတဲ့အထိ ဖြစ်လာတော့ ကိုဗစ်ကို ပိုသတိထားရမယ့် အခြေအနေပါ။ ကာကွယ်ရေးနည်းလမ်းတွေကိုပဲ ဂရုစိုက်လုပ်ပေးဖို့ ပြောချင်တယ်” လို့ ပြောပါတယ်။

ကိုဗစ်ရောဂါနဲ့ သေဆုံးသွားတဲ့ အလောင်းကို ဒေသခံ လူမှုကယ်ဆယ်ရေးအသင်းက စနစ်တကျထုပ်ပိုးပြီး ဒီနေ့ ဇွန် ၁၈ ရက်မှာ မကွေးမြို့ ချမ်းမြေ့သာယာသုသာန်ကို ကူညီပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

မကွေးမြို့ခံ အမျိုးသမီးတယောက်က “ဒီအချိန်မှာ ကိုဗစ်ကူးစက်နှုန်း အဆမတန် ထိုးတက်လာရင် အကုန်ဒုက္ခရောက်မှာ။ ဘာလို့ဆိုတော့ ဆေးဝါးဈေး အပါအဝင် ကုန်ဈေးနှုန်းတွေက ခေါင်ခိုက်နေတာလေ။ ငွေကြေးကလည်း ရှားပါးနေတာ။ တာဝန်ရှိသူတွေဘက်က ငလျင်ဘေးတောင် ကောင်းကောင်း မကူညီနိုင်တာ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ မေလဆန်းပိုင်းကစလို့ မြန်မာနိုင်ငံမှာ ကိုဗစ် အတည်ပြုလူနာသစ်တွေ ပြန်လည်တွေ့ရှိလာရပြီး ဇွန် ၁၇ ရက် တနေ့တည်း လူနာသစ် ၁၀၀ ကျော် တွေ့ရှိလာတယ်လို့ စစ်ကောင်စီရဲ့ ကျန်းမာရေးဌာနရဲ့  ဇွန် ၁၈ ရက် ကြေညာချက်အရ သိရပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၀ ပြည့်နှစ်၊ မတ်လကစပြီး ၂၀၂၅ ခုနှစ် ဇွန် ၁၇ ရက်အထိ မကွေးက သေဆုံးသူတယောက် အပါအဝင် ကိုဗစ်ကြောင့် သေဆုံးသူဦးရေ ၁၉,၄၉၅ ယောက် ရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ အချက်အလက်တွေအရ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013