
မြန်မာပြည်တွင်းမှာ လိုင်စင်မဲ့ ဆိုင်ကယ်နဲ့ကားတွေ တင်းကျပ်စွာ ဖမ်းဆီးနေတာကြောင့် လိုင်စင်ဆိုင်ကယ်နဲ့ ကားဈေးကွက်မှာ ဝယ်လိုအား ပြန်လည်မြင့်တက်လာတယ်လို့ သိရပါတယ်။
အခုဇွန်လ အစောပိုင်းက စတင်ပြီး လိုင်စင်မဲ့ဆိုင်ကယ်နဲ့ကားတွေကို စစ်ကောင်စီ လက်အောက်ခံ အဖွဲ့တွေက နိုင်ငံအနှံ့တင်းကျပ်စွာ ဖမ်းဆီးအရေးယူနေခဲ့တာကြောင့် ဈေးကွက်အတွင်းရှိ လိုင်စင်ဆိုင်ကယ်နဲ့ ကားတွေ အဝယ်ပြန်လိုက်လာတယ်လို့ ဆိုပါတယ်။
နေပြည်တော်အခြေစိုက် ကားအကျိုးတော်ဆောင်တယောက်က "အစောပိုင်းတုန်းက လူတွေက without (လိုင်စင်မဲ့)တွေလည်း ဝယ်နေကြတာပဲ။ အခု without တွေ ဖမ်းတယ်ဆိုတော့ ရောင်းလို့ရရင်ရောင်းပြီး လိုင်စင်ဘီးတွေ ပြန်လိုက်ဝယ်နေကြတာ။ without တွေလည်း သူ့ဟာနဲ့သူ အရောင်းအဝယ်တော့ဖြစ်နေတာပဲ၊ အရင်ထက်စာရင်တာ့ နည်းသွားတာပေါ့"လို့ ပြောပါတယ်။
လိုင်စင်မဲ့ကားတွေနဲ့ ဆိုင်ကယ်တွေကို ဖမ်းဆီးအရေးယူရာမှာ တရားဝင်မှတ်ပုံတင်ထားခြင်းမရှိတဲ့ ကားနဲ့ဆိုင်ကယ်တွေကို သိမ်းသလို လူကိုလည်း ပို့ကုန်သွင်းကုန်ဥပဒေနဲ့ ဖမ်းဆီးအရေးယူတာတွေ ရှိနေပါတယ်။
လတ်တလော လိုင်စင်ဘီးတွေ ဈေးကွက်အတွင်း ပြန်လည် အဝယ်လိုက်နေသလို မကြာခင်မှာ ဆိုင်ကယ်လိုင်စင်တွေ ချပေးဖို့ရှိတယ်လို့လည်း အတည်မပြုနိုင်တဲ့ သတင်းတွေ ထွက်ပေါ်နေ ပါတယ်။