DVB Logo
Home
နိုင်ငံတကာ
ဂါဇာတွင် ရိက္ခာရှာ လူအုပ်ကို အစ္စရေးတင့်ကားများ ပစ်ခတ်၊ လူ ၆၀ နီးပါး သေဆုံး
DVB
·
June 18, 2025
ဂါဇာတွင် ရိက္ခာရှာ လူအုပ်ကို အစ္စရေးတင့်ကားများ ပစ်ခတ်၊ လူ ၆၀ နီးပါး သေဆုံး
Donate to DVB

ဂါဇာကမ်းမြောင်မှာ ဇွန် ၁၇ ရက်က ကုန်ကားတွေကနေ ရိက္ခာရဖို့ ကြိုးစားနေတဲ့ လူအုပ်ကြီးကို အစ္စရေးတင့်ကားတွေက ပစ်ခတ်လို့ လူ ၅၉ ယောက်ထက်မနည်း သေဆုံးပြီး ၂၂၁ ယောက် ဒဏ်ရာရတယ်လို့ ဆေးအဖွဲ့တွေရဲ့ ပြောကြားချက်ကို ကိုးကားပြီး ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။

လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့လာတဲ့ ဗီဒီယိုမှာ ဂါဇာကမ်းမြောင်တောင်ပိုင်း၊ ခန်ယူနစ်မြို့ လမ်းမတခုပေါ်မှာ လူအလောင်းတွေ အထပ်ထပ်ပုံနေတာ တွေ့ရပါတယ်။

အစ္စရေးစစ်တပ်ကတော့ ဒီနေရာမှာ ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ ထုတ်ပြန်ထားပြီး ဖြစ်စဉ်ကို စစ်ဆေးနေတယ်လို့ အတည်ပြုပါတယ်။

ဒီလမ်းကြောင်းကနေလာတဲ့ အကူအညီပေးရေး ကုန်ကားတွေကနေ စားစရာရဖို့ မျှော်လင့်ချက်နဲ့ ခန်ယူနစ်ကို ဖြတ်ဖောက်ထားတဲ့ အရှေ့ဘက်ပင်မလမ်းမှာ လူထောင်ချီ စုဝေးနေခဲ့ကြတာလို့ မျက်မြင်ကြုံခဲ့ရသူတွေက ရိုက်တာကို ပြောပါတယ်။

အစ္စရေးတင့်ကားတွေဟာ အနည်းဆုံး အမြောက်ဆန် ၂ လုံးလောက် လူအုပ်ထဲ ပစ်ထည့်ခဲ့တယ်လို့ မျက်မြင်ကြုံရသူက ပြောပါတယ်။

“ရုတ်တရက်ကြီး၊ သူတို့က ကျနော်တို့ကို ရှေ့တိုးခွင့်ပြုလိုက်ပြီး အကုန်စုလိုက်တာ၊ အဲဒီနောက် အမြောက်ဆန်တွေ ကျလာတာပဲ၊ တင့်ကားအမြောက်ဆန်တွေပါ” လို့ နက်ဆာဆေးရုံမှာ ရိုက်တာက အင်တာဗျူးခွင့်ရခဲ့တဲ့ မျက်မြင်ကြုံရသူ လူနာတယောက်က ပြောပါတယ်။

ဆေးရုံမှာ နေရာမဆံ့တော့တဲ့အတွက် ကြမ်းပြင်နဲ့ လျှောက်လမ်းတလျှောက် ဒဏ်ရာရ လူနာတွေနဲ့ ပြည့်နေတယ်လို့ ဆိုပါတယ်။

“ဒီလူတွေကို ဘယ်သူမှ မသနားကြဘူး။ လူတွေသေကုန်တာ၊ သူတို့ကလေးတွေအတွက် စားစရာရဖို့ ကြိုးစားတဲ့သူတွေ တစစီဖြစ်ကုန်တာ။ ဒီလူတွေကို ကြည့်စမ်းပါဗျာ။ သူတို့ကလေးတွေအတွက် ဂျုံလေးရဖို့အတွက်နဲ့ တစစီဖြစ်ကုန်တာ” လို့ အဆိုပါလူနာက ရိုက်တာကို ပြောပါတယ်။

ပါလက်စတိုင်းဆေးအဖွဲ့တွေရဲ့ ပြောပြချက်အရတော့ ဒဏ်ရာရတဲ့ ၂၀၀ ကျော်ထဲမှာ ၂၀ လောက်ဟာ စိုးရိမ်ရတယ်လို့ သိရပါတယ်။

ထိခိုက်ဒဏ်ရာရသူတွေကို အိမ်စီးကားတွေ၊ လန်ခြားတွေ၊ မြည်းလှည်းတွေ အဆင်ပြေရာနဲ့ တင်ပြီး ဆေးရုံပို့ခဲ့ရတယ်လို့ ဆိုပါတယ်။

လူအုပ်က ချဉ်းကပ်လာအပြီးမှာ အစ္စရေးတပ်မတော် (IDF) ပစ်ခတ်မှုကြောင့် လူအမြောက်အမြား ဒဏ်ရာရတဲ့ သတင်းကို သတိပြုမိတယ်လို့ IDF က ထုတ်ပြန်ထားပါတယ်။

မသက်ဆိုင်တဲ့သူ တယောက်ချင်း ထိခိုက်မှုတွေအတွက် စိတ်မကောင်းဖြစ်မိပြီး မိမိတို့ တပ်ဖွဲ့ဝင်တွေ ဘေးကင်းရေး ထိန်းသိမ်းကာကွယ်ရင်း ထိခိုက်မှု နည်းနိုင်သမျှနည်းအောင် ဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။

ဇွန် ၁၇ ရက်နေ့မှာပဲ သီးခြားဖြစ်စဉ်အဖြစ် အစ္စရေး သေနတ်ပစ်ခတ်မှုနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ၁၄ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ ဆေးအဖွဲ့တွေက ထုတ်ပြန်ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013