
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဘက်က သာယာဝတီခရိုင် ရဲမှူးအဆင့်ရှိသူ အရာရှိတယောက်၊ မြို့နယ်စခန်းမှူးတယောက်၊ ဗိုလ်မှူးတယောက် အပါအဝင် အယောက် ၂၀ ထက်မနည်း သေဆုံးသွားကြောင်း ဇွန် ၁၇ ရက် ညပိုင်းက သာယာဝတီခရိုင် အမှတ် ၃ တပ်ရင်း-၃၈၀၃ က ထုတ်ပြန်ထားပါတယ်။
ဇွန် ၁၆ ရက် ညနေ ၄ နာရီဝန်းကျင်ခန့်ကစပြီး မင်းလှမြို့နယ်၊ ဆင်အိုင်ချောင်းပေါက်ရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စစ်ကြောင်းထိုးလာတာကြောင့် အဲဒီကျေးရွာအနီးမှာ တော်လှန်ရေးတပ်ဖွဲ့တွေက စောင့်ကြိုတိုက်ခိုက်ခဲ့ကြောင်း သာယာဝတီခရိုင် အမှတ် ၃ တပ်ရင်း -၃၈၀၃ မှ စစ်ကြောင်းမှူးက ပြောပါတယ်။
“အဲဒီရွာမှာ တပ်စွဲထားတာ ၅ ရက်လောက်ရှိပြီ။ အဲဒီနေ့က ရှေ့ဆက်တိုးလာတော့ ကျနော်တို့ ရဲဘော်တွေနဲ့ တိုက်ပွဲဖြစ်တာ၊ တနာရီလောက်တော့ ကြာတယ်။ အဲဒီမှာ သူတို့ဘက်က အကျအဆုံးများပြီး ရွာထဲ စစ်ကြောင်းပြန်ဆုတ်သွားတယ်။”
ဆင်အိုင်ချောင်းပေါက်ကျေးရွာ အနီးမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲနဲ့ တချိန်တည်းနီးပါး မင်းလှမြို့နယ် စစ်ကွင်းတာဆုံရှိ စစ်ကောင်စီ ရဲကင်းနဲ့ စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးရဲဘော်တွေက ဝင်ရောက်ပစ်ခတ်ခဲ့ကြောင်း စစ်ကြောင်းမှူးက ပြောပါတယ်။
“တာဆုံကို သွားပစ်တော့ ကျနော်တို့ သိပ်မဝေး မီတာ ၂၀၀ လောက်ပဲ ကွာမယ်၊ ရည်ရွယ်ပြီး သွားတာက စစ်ဆေးရေးဂိတ်ကို သွားတာ၊ အဲဒီနားက ရဲကင်းနဲ့နီးတော့ ရဲကင်းပါ ဆက်ပစ်ခဲ့တယ်။ ကားလမ်းပေါ်မှာ ဒီဘက်မှာ တိုက်ပွဲဖြစ်နေတယ်ဆိုတော့ ဆင်အိုင်ချောင်းပေါက်က စစ်သားတွေ ဖောကားနဲ့ စစ်ကူလာတာ၊ အဲဒါ ကျနော်တို့ ကြားကဖြတ်ပြီး တိုက်တာ၊ ကားပေါ်ပါတဲ့ စစ်သားတွေ အကုန်လုံးနီးပါး သေသွားတယ်။”
တိုက်ပွဲမှာ စစ်ကောင်စီဘက်က အရာရှိ ၃ ယောက် အပါအဝင် ၂၀ ကျော် သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ တိုက်ပွဲမှာ ပါဝင်တဲ့ တော်လှန်ရေးရဲဘော်တယောက်က ပြောပါတယ်။
“ကျနော်တို့ ကြားတာကတော့ သာယာဝတီခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး ဇော်မျိုးဝင်းရယ်၊ အုတ်ဖိုမြို့နယ်က စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးတဦးရယ်၊ မင်းလှမြို့နယ်က စခန်းမှူးတဦး အဲဒီအရာရှိ ၄ ယောက် သေသွားတယ် ပြောတယ်။ သူတို့က ရန်ကုန်-ပြည် ကားလမ်းမှာဖြစ်တဲ့ တိုက်ပွဲမှာ သေသွားတာ။ သူတို့အပါဝင် အားလုံးဆို ကျနော်တို့ မျက်မြင် အယောက် ၂၀ ကျော်တယ် သေသွားတာ၊ ဒဏ်ရာရတဲ့သူတွေလည်း များတယ်။”
စစ်ကောင်စီက အထိနာပြီး အရာရှိတွေပါ သေဆုံးခဲ့တဲ့အတွက် ရန်ကုန်-ပြည် ကားလမ်း အရှေ့ဘက်ရှိ ကျေးရွာတွေရဲ့ ထွက်ပေါက် ဝင်ပေါက်တွေကို ပိတ်ဆို့ပြီး လက်နက်ကြီး အဆက်မပြတ် ပစ်ခတ်နေတယ်လို့ ဒေသခံ အမျိုးသားတယောက်က ပြောပါတယ်။
“အများစုကတော့ ပိတ်မိနေတယ်၊ မြို့ပေါ်ကို တက်လာလို့မရဘူး။ စစ်သားတွေက နေရာအပြည့် ယူထားကြတယ်။ တချို့တလေပဲ မြို့ပေါ်ဘက်ရောက်သွားကြတာ။ အများစုကတော့ ပိတ်မိနေတယ်။ လက်နက်ကြီးမှန်လို့ သေသွားတဲ့ ပြည်သူတွေ၊ ဒဏ်ရာရတဲ့သူတွေလည်း ရှိတယ်။”
စစ်တပ်က အင်အားဖြည့်တင်းပြီး ရန်ကုန်-ပြည် ကားလမ်းပေါ်မှာ သံချပ်ကာကားတွေပါ ရောက်ရှိနေကြောင်းလည်း ဒေသခံတွေထံက သိရပါတယ်။
မင်းလှမြို့နယ်မှာ တိုက်ပွဲပြင်းထန်လာနိုင်တာကြောင့် ပြည်သူတွေ ကြိုတင်ပြင်ဆင်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တည်ရှိရာ နေရာတွေနဲ့ လွတ်ကင်းရာမှာ နေထိုင်ဖို့ တော်လှန်ရေးရဲဘော်တွေက ပြည်သူတွေကို သတိပေး ထုတ်ပြန်ထားပါတယ်။
ရန်ကုန်-ပြည် ကားလမ်းပေါ်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ အိမ်စီးကားတစီး စစ်တပ်က ပစ်ခတ်တဲ့ လက်နက်ကြီး ထိမှန်ပြီး အမျိုးသမီး ၂ ယောက်နဲ့ အမျိုးသားတယောက် သေဆုံးသွားတယ်လို့ ထုတ်ပြန်ထားပါတယ်။
အဲဒီစစ်ဆင်ရေးကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းတိုင်းစစ်ဒေသ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ ၂၂ လက်အောက်ခံ တပ်ရင်းတွေ ဖြစ်ကြတဲ့ သာယာဝတီခရိုင် အမှတ် ၃ တပ်ရင်း၊ သာယာဝတီခရိုင် အမှတ် ၁ တပ်ရင်း တပ်ခွဲ ၆/ ဧရာညီနောင်PDF၊ MDF (Special Force) နဲ့ Asho Chin Defense Force (ACDF) မဟာမိတ်ပူးပေါင်းတပ်တွေ ဆောင်ရွက်ခဲ့ကြတာ ဖြစ်ပါတယ်။