Home
မြန်မာသတင်း
ထောက်ကြန့်က စစ်ကောင်စီကင်းတိုက်ခိုက်ခံရပြီး ထိခိုက်မှုရှိနိုင်
DVB
·
June 14, 2025
Photo : OF

ရန်ကုန်၊ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရှိနေတဲ့ လုံခြုံရေးဘန်ကာကို ဇွန် ၁၃ ရက်၊ ည ၈ နာရီ မိနစ် ၂၀ လောက်က အဝေးထိန်းမိုင်း ၂ လုံးနဲ့ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်နိုင်တယ်လို့ Operation Flame OF တပ်ဖွဲ့က ပြောပါတယ်။

အမှတ် ၃ လမ်းမကြီးနဲ့ အမှတ် ၇ လမ်းဆုံက အဲဒီဘန်ကာဟာ အမြန်လမ်းဇီးရိုးမိုင် မရောက်ခင်မှာ အစစ်အဆေးများတဲ့နေရာဖြစ်ပြီး အဝေးပြေးကားတွေနဲ့ ကုန်တင်ကားတွေကို တရားမဝင် ငွေကြေးကောက်ခံနေတဲ့ နေရာဖြစ်ပါတယ်။

လုံခြုံရေးယူထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ယောက် ဘန်ကာအပြင်ဘက်ထွက်လာချိန်မှာ OF အဖွဲ့က ဖောက်ခွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ဆင်ရေးအောင်မြင်သလို စစ်ကောင်စီ တပ်ဖွဲ့တယောက် လဲကျသွားတာ တွေ့ခဲ့ရတယ်လို့ ပြောပါတယ်။

Operation Flame OF အဖွဲ့ သတင်းပြန်ကြားတာဝန်ရှိသူက “အဝေးထိန်း ၂ လုံး သုံးခဲ့ပါတယ်။ ၁ လုံးပဲ ကောင်းကောင်းအောင်မြင်ခဲ့ပါတယ်။ ၁ လုံးက ပေါက်ကွဲအားနည်းသွားခဲ့ပါတယ်။ စစ်ခွေးအစောင့် ၃ ကောင် အပြင်ထွက်ချိန်ဆွဲလိုက်တာ ၁ ကောင်ပဲထိပြီး လဲကျသွားပါတယ်။ နောက်ဆက်တွဲ မြေပြင်ထောက်လှမ်းနေဆဲဖြစ်ပါတယ်။ ရဲဘော်အားလုံးပြန်ရောက်ပါပြီ။ ဘေးကင်းပါတယ်”လို့ ပြောပါတယ်။

ဒီတိုက်ခိုက်မှုဟာ ရန်ကုန်မြို့ပြပြောက်ကျားအဖွဲ့တခုဖြစ်တဲ့ Operation Flame OF အဖွဲ့ရဲ့ ၂၀၂၅ ခုနှစ်ထဲမှာ ၉ ကြိမ်မြောက် စစ်ဆင်ရေးဖြစ်ပြီး အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခိုက်မှု ၇ ကြိမ်၊ လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်မှု ၂ ကြိမ် ရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ မေ ၂၁ ရက် မနက် ၁၀ နာရီလောက်ကလည်း သန်လျင်မြို့နယ်၊ မြို့ဟောင်းအနောက်ရပ်ကွက် သန်လျင်တံတားအဆင်း၊ လတ်မှတ်ဂိတ်မှတ်တိုင်အနီးမှာ ပြည်သူဆီကနေ ပိုက်ဆံတောင်းနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ယာဉ်ထိန်းရဲတွေကို အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ပါသေးတယိ။

ဆက်လက်ပြီးတော့လည်း ရန်ကုန်တော်လှန်ရေးမဟာမိတ်အားလုံးနဲ့အတူ လက်တွဲပြီး အကြမ်းဖက်စစ်ကောင်စီကို အရှိန်မြင့်တိုက်ခိုက်ချေမှုန်းသွားမယ်လို့ အသိပေးထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024