
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့နယ် ကျေးစာကျရွာကို ဇွန် ၁၃ ရက်နေ့ ဒီကနေ့မနက် ၈ နာရီလောက်မှာ စစ်ကောင်စီတပ်ဖွဲ့နဲ့ ရဲပူးပေါင်းတပ်ဖွဲ့ အင်အား ၁၀၀ ကျော်က ဝင်ရောက်စီးနင်းပြီး ရွာခံ ၃၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒေသခံတယောက်က “မနက်အစောပိုင်းက လက်နက်ကြီးသံတွေကြားရသေးတယ်။ အိုမ ရွာဘက်ကို ပစ်ခတ်နေတယ်လို့ထင်တာ၊ ပြီးမှ ကျေးစာကျရွာကို ဝင်စီးနေတာဖြစ်နေတယ်။ ရွာထဲမှာရှိတဲ့သူတွေကို ဖမ်းခေါ်သွားကြတယ်။ အနည်းဆုံး အယောက် ၃၀ ကျော်လောက်တော့ ပါသွားနိုင်တယ်” လို့ ပြောပါတယ်။
အဆိုပါစစ်ကြောင်းဟာ လက်ရှိမှာ မြောက်ယမားတံတားအနီး ပုသိမ်-မုံရွာလမ်းပေါ်ကို ပြန်လည်ရောက်ရှိသွားပြီဖြစ်ကာ ဖမ်းဆီးခေါ်ဆောင်သွားသူတွေကို ဓားစာခံလုပ်ပြီး လမ်းကင်းလုံခြုံရေးယူနေတယ်လို့ ဆိုပါတယ်။
လက်ရှိမှာ အဆိုပါစစ်ကြောင်းကြောင့် ဆားလင်းကြီးမြို့နယ် ဝမ်ပေါင်ကြေးနီစီမံကိန်းအနီးက ဂုဏ်တော၊ ဒုန်းတောနဲ့ ယင်းမာပင်မြို့နယ်၊ ကျေးစာကျ၊ ပိန်းနွယ်ချောင်၊ အုံတုံပင်၊ ထန်းတောကြီး စတဲ့ ကျေးရွာတွေ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
တရုတ်ဝမ်ပေါင်ကြေးနီ စီမံကိန်းထဲက ထုတ်လုပ်ထားတဲ့ ကြေးနီတွေ သယ်ယူတော့မယ်ဆိုရင် ဝမ်ပေါင်ကုမ္ပဏီ အနီးနားရှိတဲ့ ကျေးရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်တာတွေကို မကြာခဏ ပြုလုပ်လေ့ရှိတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဓာတ်ပုံ ဒေသခံတွေဘေးလွတ်ရာတွေရှောင်နေတဲ့ပုံဟောင်းနဲ့ တရုတ်ကျေးနီစီမံကိန်းအတွင်းမှပုံ ဒေသခံပေးပို့သည်။