
စစ်ကိုင်းတိုင်း၊ ပုလဲမြို့ပေါ်ကို စစ်တပ်က ဇွန် ၁၁ ရက် ည ၈ နာရီကျော်က စတင်ပြီး စားနပ်ရိက္ခာနဲ့ လူအင်အားဖြည့်တင်းတာတွေ ပြုလုပ်တယ်လို့ ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေထံကနေ သိရပါတယ်။
စားနပ်ရိက္ခာနဲ့ လူအင်အား ဖြည့်တင်းမှုကို မိတ္ထီလာ ရှမ်းတဲလေတပ်ကနေ ပျံတက်လာတဲ့ Y8 လေယာဉ်အမျိုးအစား ဖြစ်တယ်လို့လည်း သိရပါတယ်။
မျက်မြင်တွေ့ရှိတဲ့ ပြည်သူ့ကာကွယ်ရေး ရဲဘော်တယောက်က “လေယာဉ်က မိတ္ထီလာ ရှမ်းတဲလေတပ်ကနေ မြင်းခြံ၊ ရေစကြို၊ မြိုင်မြို့နယ်ကို ဖြတ်ပြီး ပျံသန်းလာပြီး ကျနော်တို့ ပုလဲမြို့ပေါ်ကို ချသွားတာဗျ။ စားနပ်ရိက္ခာနဲ့ လက်နက်ပစ္စည်းလို့ ယူဆရတဲ့ အထုပ်အရေအတွက် ၄၃ ထုပ်နဲ့ စစ်သားအရေအတွက်က ၄၆ ယောက်ဗျ။ လေယာဉ်ပေါ်ကနေ အကုန်လုံး လေထီးတွေကို အသုံးပြုပြီး ချသွားတာ” လို့ ပြောပါတယ်။
စစ်တပ်လေယာဉ်နဲ့ လက်နက်၊ ရိက္ခာနဲ့ စစ်သားအင်အား ဖြည့်တင်းနေရတဲ့ ပုလဲမြို့ဟာ စစ်ကောင်စီ အနောက်မြောက်တိုင်း နမခ ရုံးစိုက်ရာ နေရာနဲ့ မိုင် ၃၀ ခန့်သာ ကွာဝေးတဲ့ မြို့တခုလည်း ဖြစ်ပါတယ်။
စစ်တပ်က အခုလို လက်နက်ရိက္ခာ အင်အားဖြည့်တင်းမှုကို မြေပြင်ကနေ မပြုလုပ်နိုင်တော့ဘဲ ဝေဟင်ကနေသာ ထောက်ပို့လုပ်ငန်းတွေကို လုပ်ဆောင်နေကြရတယ်လို့လည်း သိရပါတယ်။
ပုလဲပြည်သူ့ကာကွယ်ရေး ဒေါင်းနက်အဖွဲ့ တာဝန်ရှိသူ ကိုပေက “ကျနော်တို့ မနေ့ညက ပုလဲမြို့ပေါ်ကို Y8 လေယာဉ်နဲ့ စစ်တပ်ဘက်က အင်အားဖြည့်တင်းတာဟာ ကန့်ဒေါင့်စခန်းသိမ်းတိုက်ပွဲဖြစ်ရာ နေရာကို စစ်ကူပို့တာ ဖြစ်နိုင်တယ်လို့ သုံးသပ်တယ်။ မကြာမီရက်ပိုင်းမှာ စစ်တပ်ဘက်က စစ်ကြောင်း ၃ ကြောင်းနဲ့ ကန့်ဒေါင့်ရွာကို ထိုးလာလိမ့်မယ်လို့ ယူဆရတယ်။ စစ်ကြောင်း ၃ ကြောင်းက ပုလဲစစ်ကြောင်း၊ အင်မထီးပျူရွာစစ်ကြောင်း၊ ဇီးဖြူကုန်းပျူရွာစစ်ကြောင်း အဲဒီကနေ ထိုးလာလိမ့်မယ်လို့ ဗျူဟာအရ သုံးသပ်ထားတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီဘက်က အခုလို စစ်အင်အားအသုံးပြုနေတာဟာ ကန့်ဒေါင့်နယ်မြေခံရဲစခန်းက စစ်ကောင်စီတပ် အားလုံးက မြေပြင်စစ်ကူနဲ့ လေကြောင်းပစ်ကူတွေ မပေးဘူးဆိုရင် အလံဖြူထောင်မယ်လို့ ပြောတာကြောင့် အခုလို လေကြောင်းပစ်ကူအပြင် မြေပြင်စစ်ကူနိုင်ဖို့ ကြိုးစားနေတာလည်း ဖြစ်တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်က ဖမ်းဆီးရမိထားတဲ့ စစ်ကောင်စီ သုံ့ပန်း ရဲဘော်တယောက်က ပြောပါတယ်။
ကန့်ဒေါင့်ရွာ နယ်မြေရဲစခန်းမှာ ဇွန် ၂ ရက် မနက် ၄ နာရီက စတင်ကာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဇွန် ၄ ရက်အထိ စစ်သားအင်အား ၇၆ ယောက် ကျန်ရှိနေပြီး ဗျူဟာမှူး အပါအဝင် ရဲဘော် ၈ ယောက် ဒဏ်ရာရရှိကာ ၆ ယောက် ကျဆုံးတယ်လို့လည်း အဆိုပါ စစ်သုံ့ပန်းရဲ့ ပြောပြချက်အရ သိရပါတယ်။
ပုလဲမြို့နယ်မှာ စစ်တပ်က ပုလဲမြို့၊ အင်မထီးရွာ၊ ကန့်ဒေါင့်ရွာနဲ့ ဇီးဖြူကုန်းရွာ စတဲ့ နေရာ ၄ ခုမှာသာ ထိန်းချုပ်ထားနိုင်ပြီး ကျန်နယ်မြေကိုတော့ ပြည်သူ့ကာကွယ်ရေးတပ်ကသာ စိုးမိုးထားပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၁၁ ရက်မှာ ပုလဲမြို့ စခန်းသိမ်းတိုက်ပွဲ ဖြစ်ပွားပြီး စစ်တပ်က လေကြောင်းပစ်ကူနဲ့ အသာစီးယူကာ ပုလဲမြို့ကို ပြန်လည်ထိန်းချုပ်ခဲ့တာလို့လည်း သိရပါတယ်။