DVB Logo
Home
မြန်မာသတင်း
ဖားကန့်တွင် စစ်ကောင်စီတပ်ကြောင့် ပြည်သူ ၂၀ ကျော် သေဆုံး၊ စက်ယန္တရားနှင့်အဆောက်အအုံများ မီးရှို့ခံရ
DVB
·
June 12, 2025
ဖားကန့်တွင် စစ်ကောင်စီတပ်ကြောင့် ပြည်သူ ၂၀ ကျော် သေဆုံး၊ စက်ယန္တရားနှင့်အဆောက်အအုံများ မီးရှို့ခံရ
Donate to DVB

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာ  မှော်စီဇာဘုရားကုန်းမှာ စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်တပ်စွဲပြီးနောက် ၂ ပတ်ကျော်အတွင်း ပစ်သတ်ခံရတာအပါအဝင် လက်နက်ကြီးကြောင့် ပြည်သူ ၂၀ ကျော် သေဆုံးခဲ့ပြီး ကျောက်စိမ်းတူးဖော်ရေး လုပ်ကွက်အတွင်းက ကုမ္ပဏီပိုင်စက်ယန္တရားတွေ၊ အဆောက်အအုံတွေကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ 

ကချင်ပြည်နယ် ဖားကန့်မြို့၊ မှော်စီစာကျေးရွာအတွင်း ဇွန် ၁၂ ရက်နေ့ မနက် ၇ နာရီလောက်က သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ အမျိုးသား ၃ ယောက် ရုပ်အလောင်းတွေကို တွေ့ရှိခဲ့ပြီး စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးချိန် ပစ်သတ်သွားတာ ဖြစ်နိုင်တယ်လို့ ဒေသခံတွေက သုံးသပ်ပြောဆိုနေကြပါတယ်။

“လုံးခင်းကို စဝင်ကတည်းက သူတို့ပစ်လို့ သေတဲ့ပြည်သူ ၂၀ ကျော်လောက်ရှိပြီ။ ခုမနက်လည်း ဒီ ၁၂ ရက်နေ့ပေါ့၊ မနက်ပိုင်း မှော်စီစာထဲမှာ သေနတ်ဒဏ်ရာနဲ့ သေဆုံးနေတဲ့ ပြည်သူ ၃ ဦး တွေ့ရတယ်။ ညတုန်းက ပစ်သတ်ခံလိုက်ရတဲ့ အခြေအနေဖြစ်ပုံပဲ။ စစ်ကြောင်းထိုးချိန်နဲ့ သွားတိုးတာ ဖြစ်နိုင်တယ်။ ညကလည်း လက်နက်ကြီး လက်နက်ငယ်သံတွေ စုံနေတာ။ ညက လက်နက်ကြီးပစ်လို့ ကုဋေမှော်က မြယမုံကုမ္ပဏီဝင်းထဲ တလုံးကျတယ်။ ညက ပစ်လိုက်တာ‌တော့ အသံအကျယ်ကြီး ၃ လုံး ဟုတ်တယ်။”

ပြီးခဲ့တဲ့ ဇွန် ၆ ရက်ကလည်း စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်လိုက်တာကြောင့် ခွန်ဆာကုန်း ဘုန်းကြီးကျောင်းနဲ့ ကျေးဇူးတော်ဘုရားကျောင်းဝင်းကြား နေအိမ်မှာ ကျမှန်ပေါက်ကွဲပြီး လသားအရွယ်ကလေးတယောက်နဲ့ ၁၀ နှစ်အောက် ကလေး ၃ ယောက်အပါအဝင် ၉ ယောက် သေဆုံးခဲ့ပါတယ်။

ဖားကန့် - ကားမိုင်းလမ်းကနေ အင်အားရာနဲ့ချီ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်း လုံးခင်းကျေးရွာထဲ ဝင်ရောက်လာပြီး မှော်စီစာမှာ စခန်းချပြီးကတည်းက သတ်ဖြတ်ခံရတဲ့ ပြည်သူ ၂၀ ကျော်ရှိပြီး ထိခိုက်ဒဏ်ရာရသူ အများအပြားရှိခဲ့ပါတယ်။

ဒါ့အပြင် လုံးခင်းကျေးရွာအုပ်စုထဲ ဝင်ရောက်နေတဲ့ စစ်ကြောင်းတွေက မှော်ဆီစာ၊ ကုဋေမှော်နဲ့ မဇွပ်ယန် စတဲ့ ကျေးရွာရှိ ကုမ္ပဏီလုပ်ကွက်နေရာက ကျောက်စိမ်းတူးဖော်တဲ့ စက်ယန္တရားတွေကို လိုက်လံမီးရှို့ဖျက်ဆီးနေတာ ၁၀ ရက်လောက် ရှိနေပါတယ်။

“မှော်စီစာကုန်းမှာ အထိုင်ချပြီးကတည်းက ကျောက်ကုမ္ပဏီတွေရဲ့ စက်ယန္တရားတွေ မီးရှို့ဖျက်ဆီးတာလုပ်နေတာ တရက်မှ မပြတ်ဘူး။ ဖားကန့်မှာ လုပ်စားလို့မရအောင် တမင်လုပ်နေသလိုပဲ။ ဟိုစစ်ကြောင်းထိုး ဒီစစ်ကြောင်းထိုးနဲ့ ပြည်သူတွေကတော့ ဝမ်းရေးအတွက် အခြေအနေစောင့်ကြည့် လုပ်ကိုင်နေရတာပဲ။”

ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စုကို ရောက်ရှိနေတဲ့ စစ်ကောင်စီတပ်တွေကို ၂ ရက်ဆက်တိုက် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ ပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ထက်နည်း သေဆုံးခဲ့တယ်လို့ KIA စစ်ရေးသတင်းရင်းမြစ်က သိရပါတယ်။

ဇွန် ၉ ရက်နေ့က ဆန်ခါကျေးရွာ တောက်ပကြယ်ကုမ္ပဏီအနီးတဝိုက် စစ်ကြောင်းထိုးလားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို KIA၊ KPDF ပူးပေါင်းအဖွဲ့တွေက ဒရုန်း၊ ၄၀ မမ တို့နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဇွန် ၁၀ ရက်နေ့က မှော်စီဇာဘုရားကုန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေဟာ မှော်ဆီဆာ၊ သယာကုန်း၊ လုံးခင်းသုသာန်၊ လုံးခင်းဆေးရုံနဲ့ လုံးခင်းကျေးရွာအတွင်း လက်နက်ကြီးတွေ ပစ်ခတ်ကာ စစ်ကြောင်းထိုးလာတာကြောင့် KIA၊ KPDF တပ်ဖွဲ့တွေက စနိုက်ပါ၊ ဒရုန်း၊ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ၅ ယောက် သေဆုံးခဲ့တယ်လို့ KIA စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

“၉ ရက်နေ့က ဆန်ခါကျေးရွာ တောက်ပကြယ်ကုမ္ပဏီတဝိုက် စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးလာတုန်းက ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တယ်။ ၁၀ ယောက်ကျော် သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ များတယ်။ ၁၀ ရက်နေ့ကလည်း လုံးခင်းထဲ စစ်ကြောင်းထိုးလာလို့ တိုက်ပွဲဖြစ်ပွားတယ်။ အဲဒီမှာ စနိုက်ပါနဲ့ ၅ ယောက် ပစ်ခတ်ရှင်းလင်းနိုင်ခဲ့တယ်။ အဲဒီ ၂ ရက်အတွင်းမှာ စကစ အယောက် ၂၀ နီးပါး သေတယ်။”

ဇွန် ၃ ရက်နေ့က စစ်ကောင်စီတပ်က ဖားကန့်တပ်မကုန်းကနေ လက်နက်ကြီး ပစ်ခတ်လိုက်တာကြောင့် မှော်စီစာ တင်အောင်ကြိုင်ကုမ္ပဏီလုပ်ကွက်ထဲ ကျရောက်ပေါက်ကွဲခဲ့ပြီး ဝန်ထမ်း ၃ ယောက် သေဆုံးခဲ့ပြီး ဝန်ထမ်းအများအပြား ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

ဖားကန့်ဒေသမှာ ပြီးခဲ့တဲ့ မေလကုန်းပိုင်း လဝါး – ကားမိုင်း လမ်းကြောင်းကနေ စစ်ကောင်စီတပ်တွေက ဖားကန့် လုံးခင်းကျေးရွာအုပ်စုထဲမှာ ဝင်ရောက်လာတဲ့နောက်ပိုင်း စစ်ကောင်စီတပ်နဲ့ KIA တပ်တွေကြား စစ်ရေးတစ်ဖန် တင်းမာနေတာဖြစ်ပါတယ်။

စစ်ကောင်စီတပ်တွေ လုံးခင်းကျေးရွာထဲ စစ်ကြောင်းထိုးစတင်ဝင်ရောက်ခဲ့တဲ့ မေ ၂၈ ရက်ကလည်း လမ်းတလျှောက်က အရပ်သားပြည်သူတွေကို ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ်ခေါ်ဆောင်ခဲ့သလို ပြည်သူ ၅ ဦးကိုလည်း ပစ်သတ်ခဲ့တာပါ။ 

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် စက်တင်ဘာလအတွင်းမှာ ဖားကန့်မြို့နယ် ဆိုင်းတောင် Lucky Man ဟိုတယ်နေရာမှာ စစ်ကောင်စီတပ်နဲ့ KIA ကြား လကြာရှည်စွာ တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် ဖားကန့်ဒေသမှာ ၁၀ လနီးပါး တိုက်ပွဲငြိမ်သက်ခဲ့တာပါ။

ဟန်န

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013