
အီတလီရဲ့ နိုင်ငံသားဖြစ်ခွင့် စည်းမျဉ်းတွေ ဖြေလျှော့ပေးဖို့နဲ့ အလုပ်သမားအခွင့်အရေးအပေါ် ပိုမိုအကာအကွယ်ပေးဖို့ ရည်ရွယ်ထားခဲ့တဲ့ ပြည်သူ့ဆန္ဒခံယူပွဲဟာ မဲလာပေးသူ နည်းပါးခဲ့တဲ့အလျောက် မအောင်မမြင်ဖြစ်ခဲ့ပါတယ်။
ဥရောပရဲ့ စတုတ္ထမြောက် စီးပွားရေးအင်အားအကြီးဆုံး အီတလီနိုင်ငံမှာ ဆန္ဒခံယူပွဲတွေ ကျင်းပပြီး ဥပဒေကြောင်းအရ ရလဒ်တရားဝင်ဖြစ်ဖို့ဆိုရင် မဲပေးပိုင်ခွင့်ရှိသူ စုစုပေါင်းရဲ့ ၅၀ ရာခိုင်နှုန်းနဲ့အထက် ပါဝင်ဖို့ လိုအပ်ပါတယ်။
ဒါပေမဲ့လည်း ၂ ရက်တာအတွင်း မဲပေးခွင့်ရှိသူ ၅၁ သန်းထဲက ၃၀ ရာခိုင်နှုန်းလောက်သာ ပါဝင်ခဲ့တာကို တွေ့ရပါတယ်။
အဲဒီအဆိုပြုချက်ကို ဗဟိုလက်ဝဲဝါဒီ အတိုက်အခံအုပ်စုတွေနဲ့ အလုပ်သမားသမဂ္ဂတွေက တင်သွင်းခဲ့တာဖြစ်ပြီး ဝန်ကြီးချုပ်အနေနဲ့တော့ “လုံးဝဆန့်ကျင်ကြောင်း” ပြောဆိုထားပါတယ်။
ဒါကြောင့် အီတလီဝန်ကြီးချုပ် ဂျော်ဂျီယာ မယ်လိုနီဟာ သူကိုယ်တိုင် မဲရုံအထိ သွားရောက်ခဲ့ပေမဲ့လည်း မဲမထည့်ခဲ့တဲ့အပြင် ပြည်သူတွေ သပိတ်မှောက်ဖို့အတွက်ပါ တိုက်တွန်းခဲ့ပါတယ်။
အဆိုပြုချက်ထဲမှာ အီတလီနိုင်ငံသားဖြစ်ခွင့် လျှောက်ထားဖို့ လိုအပ်တဲ့ နေထိုင်မှုကာလကို ၁၀ နှစ်ကနေ ၅ နှစ်အထိ ထက်ဝက်လျှော့ချဖို့ အပါအဝင် အလုပ်ထုတ်ပယ်လိုတဲ့အခါ နောက်ဆက်တွဲ အကျိုးခံစားခွင့်နဲ့ နစ်နာကြေး တိုးမြှင့်ပေးရေး စတဲ့အချက်တွေ ပါဝင်ပါတယ်။
ဒါဟာ အီတလီနိုင်ငံမှာ ကလေးမွေးဖွားနှုန်းနဲ့အတူ လူဦးရေကျဆင်းလာကြောင့် ဖြစ်သလို စီးပွားရေးမြှင့်တင်ရာမှာလည်း နိုင်ငံခြားသား အလုပ်သမားတွေနဲ့ ပိုမိုပေါင်းစည်းနိုင်ဖို့အတွက်ပဲ ဖြစ်ပါတယ်။
အာဏာရ အီတလီညီနောင်များ (Brothers of Italy) ပါတီကတော့ ဆန္ဒခံယူပွဲရဲ့ တခုတည်းသော တကယ့်ရည်မှန်းချက်ဟာ “မယ်လိုနီ အစိုးရကို ဖြုတ်ချလိုတာသာ ဖြစ်တယ်” လို့ လူမှုကွန်ရက်ပေါ်မှာ ပို့စ်တင်ခဲ့ပါတယ်။
အဲဒီနောက် တက်ကြွလှုပ်ရှားသူတွေနဲ့ အတိုက်အခံပါတီတွေဘက်က ရွှေ့ပြောင်းအခြေချသူတွေ အပါအဝင် အလုပ်သမားတွေအပေါ် တိုက်ရိုက်ထိခိုက်နိုင်တဲ့ အရေးကြီးကိစ္စတွေမှာ စိတ်ပါဝင်စားမှု လျော့ကျအောင် ရည်ရွယ်ချက်ရှိရှိ ကြိုးပမ်းခဲ့တယ်လို့ ညွန့်ပေါင်းအစိုးရကို စွပ်စွဲခဲ့ကြပါတယ်။
အဲဒီဥပဒေပြင်ဆင်ချက်အတိုင်း အတည်ပြုနိုင်ခဲ့ရင် အီတလီမှာရှိနေတဲ့ နိုင်ငံခြားသား ၂ ဒသမ ၅ သန်းအတွက် အကျိုးရှိစေမှာပါ။
ဒါပေမဲ့လည်း အီတလီမှာ ကျင်းပခဲ့တဲ့ ပြည်သူ့ဆန္ဒခံယူပွဲ ၇၈ ခုထဲက အများစုဟာ မဲပေးသူ နည်းပါးခဲ့တာကြောင့် အောင်မြင်မှုမရခဲ့တဲ့အချက်ကို ထောက်ပြခဲ့ကြပါတယ်။
Source: Reuters