
အမေရိကန်နိုင်ငံ၊ လော့စ်အိန်ဂျလိစ်မြို့မှာ လူဝင်မှုကြီးကြပ်ရေးအာဏာပိုင်တွေရဲ့ စီးနင်းမှုတွေကို ဆန့်ကျင်တဲ့ နောက်ဆုံးပေါ် ဆန္ဒပြပွဲတွေကို နှိမ်နင်းဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က နိုင်ငံစောင့်တပ် ချထားတဲ့လုပ်ရပ်ကို ဒီမိုကရက်တစ်ပါတီဝင် ပြည်နယ်အုပ်ချုပ်ရေးမှူး ၂၂ ယောက်က ဇွန် ၈ ရက်မှာ ရှုတ်ချခဲ့ပါတယ်။
ကယ်လီဖိုးနီးယားပြည်နယ်မှာ နိုင်ငံစောင့်တပ်ကို ဖြန့်ကြက်ဖို့ သမ္မတ ထရမ့်ပ်ရဲ့ လှုပ်ရှားမှုဟာ ကြောက်စရာ အာဏာအလွဲသုံးစားမှုတရပ်ပဲလို့ ဒီမိုကရက်တစ် အုပ်ချုပ်ရေးမှူးများအဖွဲ့က ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
ဆန္ဒပြပွဲ ဒုတိယနေ့မှာ ဆန္ဒပြသူတွေနဲ့ ပြည်ထောင်စု လူဝင်မှုကြီးကြပ်ရေး အဖွဲ့တွေကြား ရုန်းရင်းဆန်ခတ် ဖြစ်ပြီးတဲ့နောက် ကယ်လီဖိုးနီးယား နိုင်ငံစောင့်တပ်သား ၂,၀၀၀ ကို လော့စ်အိန်ဂျလိစ်မြို့ဆီ လွှတ်ဖို့ ထရမ့်ပ်ရဲ့ စနေနေ့က ကြေညာချက်ကို ရှုတ်ချခဲ့ပြီးတဲ့နောက် ကြေညာချက်ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
ကယ်လီဖိုးနီးယား နိုင်ငံစောင့်တပ်သား ၃၀၀ လောက်ဟာ တနင်္ဂနွေနေ့ အစောပိုင်းမှာ လော့စ်အိန်ဂျလိစ်မြို့ဆီ ရောက်ခဲ့ပါတယ်။
အုပ်ချုပ်ရေးမှူးတွေဟာ နိုင်ငံစောင့်တပ်ရဲ့ အကြီးအကဲတွေဖြစ်ပြီး ပြည်ထောင်စုအစိုးရက ပြည်နယ်အုပ်ချုပ်ရေးမှူးနဲ့ မတိုင်ပင်ဘဲ လက်တွဲအလုပ်မလုပ်ဘဲ ကိုယ်ပိုင်နယ်နိမိတ်ထဲမှာ တပ်တွေကို လှုပ်ရှားတာဟာ မထိရောက်ဘဲ အန္တရာယ်ရှိပါတယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
ဒီကြေညာချက်ကို နယူးယောက်ပြည်နယ် အုပ်ချုပ်ရေးမှူး ကေသီ ဟိုချူး၊ ပင်ဆယ်လ်ဗေးနီးယား ပြည်နယ်အုပ်ချုပ်ရေးမှူး ဂျော့ရှ် ရှာဖီရို၊ မစ်ချီဂံ ပြည်နယ်အုပ်ချုပ်ရေးမှူး ဂရပ်ချန် ဝှစ်မာနဲ့ မင်နီဆိုးတား ပြည်နယ်အုပ်ချုပ်ရေးမှူး တင်မ် ဝေ့ါဇ်တို့က ပူးတွဲထုတ်ပြန်ခဲ့တာပါ။
ကာကွယ်ရေးဝန်ကြီး ပိထ်ဟဂ်ဆီသ်ရဲ့ မကြာသေးမီက ထုတ်ပြန်ချက်တရပ်ထဲမှာ လော့စ်အိန်ဂျလိစ်မှာ အမေရိကန် မရိန်းတပ်သားတွေ တပ်ချထားနိုင်တယ်လို့ ပြောထားလို့ အုပ်ချုပ်ရေးမှူးတွေက စိုးရိမ်ပူပန်ကြောင်း ထုတ်ပြောခဲ့ကြပါတယ်။
“အမေရိကန် မရိန်းတပ်သားတွေကို အမေရိကန် ရပ်ကွက်တွေထဲ လွှတ်မယ်လို့ ခြိမ်းခြောက်တာဟာ ကျနော်တို့ရဲ့ အဖွဲ့ဝင်တွေရဲ့ လုပ်ငန်းဆောင်တာတွေကို ပျက်ပြားစေတယ်၊ လူထုယုံကြည်မှုကို ပျက်ပြားစေပြီး ထရမ့်ပ် အစိုးရက ဒေသတွင်း တရားဥပဒေစိုးမိုးရေးကို အယုံအကြည်မရှိတာကို ပြနေတယ်"လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
Source: Reuters