
ဂျာမန်ကွင်းလယ်လူ ဖလော်ရီယန်ဝစ်ဇ်အနေနဲ့ လီဗာပူးအသင်းဆီ ပြောင်းရွှေ့လာမယ်ဆိုရင် အသင်းရဲ့ ဒုတိယ လုပ်ခအများဆုံး ကစားသမား ဖြစ်လာနိုင်ဖွယ်ရှိနေပါတယ်။
လီဗာပူးအသင်းဟာ အသက် ၂၂ နှစ်ရှိ ဂျာမန်ကွင်းလယ်တိုက်စစ်ကစားသမားအတွက် ဗြိတိန်စံချိန်တင် ပြောင်းရွှေ့ကြေးအဖြစ် ပေါင် ၁၁၃ သန်းနဲ့ ၅ နှစ်စာချုပ် ချုပ်ဆိုဖို့ ကမ်းလှမ်းထားတာပါ။
ကစားသမားနဲ့ သဘောတူညီမှုရရှိပြီးဖြစ်တယ်လို့ သတင်းထွက်နေပေမဲ့ လီဗာကူဆင်ဘက်က လီဗာပူးအသင်းရဲ့ ကမ်းလှမ်းချက်ကို ပယ်ချပြီး ပေါင်သန်း ၁၃၀ နီးပါးအထိ အလိုရှိနေလို့ ဆွေးနွေးမှုတွေ ဆက်လက် လုပ်ဆောင်နေရတာပါ။
ဒါပေမဲ့ လီဗာပူးအသင်းရဲ့ ပြောင်းရွှေ့ကြေးတိုးပြီး ကမ်းလှမ်းတာကို စောင့်မျှော်နေဆဲဖြစ်ပြီး ပေါင် ၁၁၈ သန်းလောက် ရရှိမယ်ဆိုရင် အဆင်ပြေနိုင်တယ်လို့ ဂျာမန်သတင်းစာတွေမှာ ရေးသားကြပါတယ်။
လီဗာပူးဘက်ကလည်း နောက်ဆုံးအကြိမ် ကမ်းလှမ်းမှုအဖြစ် ပေါင်သန်း ၁၀၀ နဲ့အတူ ထပ်ဆောင်း အပိုဆုကြေး တိုးမြှင့်ပြီး ကမ်းလှမ်းဖို့ရှိတယ်လို့ ဆိုပါတယ်။
နောက်ဆုံးအကြိမ် ကမ်းလှမ်းချက်ဟာ လီဗာကူဆင်အသင်း အလိုရှိနေတဲ့ပမာဏဖြစ်လို့ နှစ်ဖက် အသင်းကြားမှာ အပြီးသတ်သဘောတူညီမှု ရလိမ့်မယ်လို့ မီဒီယာတွေမှာ ဖော်ပြကြပါတယ်။
လီဗာပူးအသင်းဆီ ပြောင်းရွှေ့မယ်ဆိုရင် ဖလော်ရီယန်ဝစ်ဇ်ရဲ့ တပတ်လုပ်ခက ပေါင် ၃ သိန်းခွဲကျော် ရရှိမှာဖြစ်ပြီး တပတ်ပေါင် ၄ သိန်းလောက်ရရှိနေတဲ့ ဆာလာရဲ့နောက် ဒုတိယ လုပ်ခအများဆုံး ကစားသမား ဖြစ်လာမယ်လို့ ဂျာမန်သတင်းစာ BILD က ဖော်ပြပါတယ်။
ဝစ်ဇ်ကတော့ မိမိရဲ့ဘဏ်အကောင့်မှာ ငွေဘယ်လောက်ရှိသလဲနဲ့ အနာဂတ်မှာ ဘယ်လောက်ရမလဲဆိုတာ စိတ်မဝင်စားဘဲ ကစားသမားဘဝ အောင်မြင်မှု ရဖို့က ပိုပြီးအရေးကြီးကြောင်း အခုနှစ်အတွင်းမှာ ပြုလုပ်တဲ့ အင်တာဗျူးတခုမှာ ပြောထားပါတယ်။