
တနင်္သာရီတိုင်း၊ မြိတ်မြို့၊ မြိတ်တောင်ကျေးရွာက အဆောင်ကောင်းကုမ္ပဏီ အနီးဝန်းကျင်မှာ ဇွန် ၇ ရက်နေ့ နေ့လယ်က ရေငုပ်ပြီး ရှပ်(ဂုံး) ရှာဖွေသူ ၆ ယောက် ရေနစ်ခဲ့ပြီး ၄ ယောက် သေဆုံးခဲ့တယ်လို့ ပရဟိတအသင်းဝင်တယောက်က ပြောပါတယ်။
မဇာဇာချို၊ သော်မူးခန့်နဲ့ မဆောင်းသုန္ဒြေစံတို့ မိသားစုဝင် ၃ ယောက်က မြိတ်မြို့ဆေးရုံအရောက်မှာ သေဆုံးခဲ့ပြီးတော့ ၁၀ နှစ်အရွယ်ကလေး ၁ ယောက်ရဲ့ အလောင်းကိုတော့ ဇွန် ၈ ရက် နေ့လယ်မှာ အဆောင်ကောင်း ကုမ္ပဏီအနီးတဝိုက်မှာ ပြန်လည်တွေ့ရှိတယ်လို့ ဆိုပါတယ်။
“ဘယ်လိုဖြစ်ပြီးတော့ ရေနစ်သွားလဲဆိုတာ ကျနော်တို့လည်း မသိရသေးဘူး။ ကျနော်တို့ကို ဖုန်းနဲ့ဆက်သွယ်လာတော့ တံတားမှာ သွားကယ်ဆယ်ပေးရတယ်။ သေတဲ့ ၃ ဦးက မိသားစုဝင်တွေပါ။ ပျောက်ဆုံးတဲ့ကလေးကိုတော့ ဒီနေ့မှာ ပြန်တွေ့တယ်၊ သူကတော့ ဒီမိသားစုဝင်ထဲကတော့ မဟုတ်ဘူး”
သေဆုံးသူ ၄ ယောက်ကို မြိတ်မြို့က ကုတင် ၁ဝဝ ရင်ခွဲရုံကို ပို့ဆောင်ခဲ့ပြီး အသက်ရှင်ကျန်ခဲ့သူ ၂ ယောက်ကတော့ မြိတ်မြို့ဆေးရုံမှာ ကုသမှုခံယူနေရတယ်လို့ သူကပြောပါတယ်။
မြိတ်မြို့မှာ ပြီးခဲ့တဲ့ မေလကလည်း ကလေးငယ် ၁ ယောက်နဲ့ အမျိုးသား ၂ ယောက်တို့ ရေနစ်သေဆုံးခဲ့တယ်လို့ မြိတ်မြို့လူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။