
ရုရှားဟာ ဇွန် ၆ ရက်အစောပိုင်းက ယူကရိန်းမြို့တော်ကို ပြင်းထန်တဲ့ ဒုံးကျည်နဲ့ ဒရုန်းတွေကို ပစ်ခတ်ခဲ့ရာ လူ ၄ ယောက်ထက်မနည်း သေဆုံးခဲ့ကြောင်း ယူကရိန်းအရာရှိတွေက ပြောကြားခဲ့ပြီး ပြင်းထန်တဲ့ ပေါက်ကွဲသံတွေကလည်း မြို့အနှံ့မှာ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်ခဲ့ပါတယ်။
ကယ်ဆယ်ရေးလုပ်သားတွေဟာ အဆောက်အအုံ အပျက်အစီးတွေအောက်မှာ လူတွေကို ရှာဖွေနေဆဲဖြစ်လို့ သေဆုံးသူ ၄ ယောက်ကနေ အရေအတွက် တိုးလာနိုင်ကြောင်း ကိယိဗ် မြို့တော်ဝန် ဗစ်တာလီ ကလစ်ရှ်ကိုက ပြောပါတယ်။
ဒဏ်ရာရသူ အယောက် ၂၀ ရှိပြီး သူတို့ထဲက ၁၆ ယောက် ဆေးရုံတင်ထားရကြောင်းလည်း ပြောဆိုပါတယ်။
လေကြောင်းတိုက်ခိုက်မှုကြောင့် မြို့တွင်း နေရာအနှံ့အပြားရှိ လူနေအဆောက်အအုံတွေမှာ မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။
ကိယိဗ်မြို့ခံတချို့ဟာ မြေအောက်ဘူတာရုံတွေနဲ့ မြေအောက်ကားပါကင်တွေမှာ ခိုလှုံနေကြရပါတယ်။ မြို့တော်ကို ဒရုန်းတွေ၊ ကာလီဘာခရုဇ်ဒုံးကျည်တွေနဲ့ ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာဖြစ်ကြောင်း ယူကရိန်းလေတပ်က ပြောပါတယ်။
အထပ်မြင့် တိုက်ခန်းအများအပြားရဲ့ အပေါ်ထပ်တွေကို ဒရုန်းတွေ ထိမှန်ခဲ့ပြီးနောက် မီးလောင်ခဲ့တာဖြစ်ကြောင်း ကိယိဗ် စစ်ဘက်အုပ်ချုပ်ရေး အကြီးအကဲ တိုင်မိုတက်ခ်ချန်ကို က ပြောပါတယ်။
ရုရှားဟာ ကိယိဗ်မြို့ကို ပစ်မှတ်ထားပြီး ဒရုန်းတွေနဲ့ ခရုဇ်ဒုံးကျည်တွေကို ပစ်လွှတ်ခဲ့ပြီး ယူကရိန်းအနောက်ပိုင်းရှိ လီဗိဗ်၊ လွတ်ထ်စ်ခ်နဲ့ တခြားဒေသတွေကို ထပ်မံတိုက်ခိုက်ဖို့ ရည်ရွယ်ထားတယ်လို့လည်း ယူကရိန်းလေတပ်က သောကြာနေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။
တူပိုလက်ဗ် Tu-95 ဗျူဟာမြောက် ဗုံးကြဲလေယာဉ် အများအပြားဟာ သောကြာနေ့ မနက်အစောပိုင်းမှာ ပျံတက်ခဲ့ကြောင်း သတင်းရရှိခဲ့ပြီး ခရုဇ်ဒုံးကျည်တွေကို ဖြန့်ကြက်ထားနိုင်ခြေရှိကြောင်းလည်း ယူကရိန်းလေတပ် ပြောကြားချက်အရ သိရပါတယ်။
ယူကရိန်းနိုင်ငံ မြို့တော်မှာ သောကြာနေ့ မနက်ပိုင်းက ပေါက်ကွဲမှုတွေ အများအပြား ဖြစ်ပွားခဲ့ချိန်မှာပဲ ရုရှားမှာလည်း လေကြောင်းကာကွယ်ရေးစနစ်က မြို့ကို ပစ်မှတ်ထားတဲ့ ဒရုန်း ၁၀ စင်းကို ပစ်ချခဲ့တယ်လို့ မော်စကိုမြို့တော်ဝန် ဆာဂျီ ဆက်ဘရာနင်န်က သူ့ရဲ့ တယ်လီဂရမ် ချန်နယ်မှာ သောကြာနေ့ မနက်ပိုင်းက ပြောပါတယ်။
တချိန်တည်းမှာပဲ ရုရှားနိုင်ငံ စာရာတော့ဗ်နယ်မြေနဲ့ ဘရိုင်ယန့်စ်ခ် နယ်မြေတို့မှာလည်း သောကြာနဲ့ ကြာသပတေးနေ့ညတွေ ဒရုန်းတိုက်ခိုက်မှုတွေ အသီးသီး ရှိခဲ့ကြောင်းကို အုပ်ချုပ်ရေးမှူးတွေက အစီရင်ခံခဲ့ပါတယ်။
Source: Reuters