DVB Logo
Home
မြန်မာသတင်း
ILO အရေးယူမည့် ဆုံးဖြတ်ချက်အပေါ်စိုးရိမ်စရာမရှိဟု စစ်ကောင်စီ တုံ့ပြန်
DVB
·
June 6, 2025
ILO အရေးယူမည့် ဆုံးဖြတ်ချက်အပေါ်စိုးရိမ်စရာမရှိဟု စစ်ကောင်စီ တုံ့ပြန်
Donate to DVB

မြန်မာနိုင်ငံအပေါ် ILO က အရေးယူမယ့် ဆုံးဖြတ်ချက်နဲ့ပတ်သက်လို့ စိုးရိမ်စရာမရှိဘူးလို့ စစ်ကောင်စီသြဇာခံ အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် လွတ်လပ်စွာ အသင်းအပင်းဖွဲ့စည်းခွင့်နဲ့ အဓမ္မခိုင်းစေမှုဆိုင်ရာ ပြဋ္ဌာန်းချက်တွေကို ချိုးဖောက်တယ်ဆိုပြီး ဇွန် ၅ ရက်က ပြုလုပ်တဲ့ အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ (ILO) ညီလာခံကနေ ပုဒ်မ ၃၃ အရ အရေးယူဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

ILO အနေနဲ့ နိုင်ငံရေးဆိုင်ရာ ချဉ်းကပ်မှုတွေကို အခြေခံပြီး ဆုံးဖြတ်တာဖြစ်သလို မြန်မာ စစ်ကောင်စီ အပေါ် ILO မျက်နှာစာကတဆင့် ဖိအားပေးနိုင်ဖို့ ရည်ရွယ်ချက်နဲ့ တဖက်သတ် တောင်းဆိုထားတဲ့ ဆုံးဖြတ်ချက်ဖြစ်တယ်လို့ စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနက တုံ့ပြန်ပါတယ်။

အဲဒီဆုံးဖြတ်ချက်က နိုင်ငံရေးကို ဖိအားပေးလိုတာဖြစ်လို့ နိုင်ငံအတွင်းက အလုပ်ရှင်၊ အလုပ်သမား၊ စီးပွားရေးလုပ်ငန်းတွေအပေါ် သက်ရောက်မှု မရှိနိုင်တာကြောင့် စိုးရိမ်စရာမရှိဘဲ လုပ်ငန်းခွင်တွေမှာ အေးချမ်းစွာ ဆက်လက်လုပ်ကိုင်နိုင်မယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် ILO အပါအဝင် နိုင်ငံတကာအသိုက်အဝန်းနဲ့ ဆက်ထိတွေ့ပြီး မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ လွတ်လပ်မှုကို မထိပါးစေမဲ့ ပူးပေါင်းမှုတွေ ဆက်လုပ်သွားမယ်လို့ စစ်ကောင်စီက ပြောပါတယ်။

ILO က ပုဒ်မ ၃၃ နဲ့ အရေးယူရာမှာ စစ်ကောင်စီကို တိုက်ရိုက်ထိစေမယ့် ပိတ်ဆို့မှုတွေ ပါနိုင်သလို နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတွေ ထွက်ခွာရာကနေ အနည်းနဲ့အများ ထိခိုက်နစ်နာစေတဲ့ သက်ရောက်မှုတွေ ကြုံလာရနိုင်တယ်လို့ အလုပ်သမားအရေး လှုပ်ရှားသူတွေက ဆိုပါတယ်။

ပြည်တွင်းအလုပ်သမားအရေး လှုပ်ရှားသူတယောက်က “စစ်ကောင်စီက စိုးရိမ်စရာမရှိဘူးလို့သာ ဟန်လုပ်ပြောနေတာ။ သူတို့ကိုယ်တိုင်က ဒီဆုံးဖြတ်ချက်ကို စိုးရိမ်နေတာ။ အရေးယူမှုက ပြည်သူကို ထိခိုက်မှုနည်းပြီး စစ်ကောင်စီကို ဦးတည်တယ်ဆိုတာ အတိအလင်း အသိပေးထားတာလေ” လို့ ပြောပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ILO ရဲ့ ပုဒ်မ ၃၃ နဲ့ အရေးယူခံရတာက ဒုတိယအကြိမ်ဖြစ်ပြီး ၂၀၀၀ ခုနှစ် ဝန်းကျင်ကလည်း အရေးယူခံရဖူးပါတယ်။

ILO က ချမှတ်တဲ့ ဆုံးဖြတ်ချက်ဟာ မြန်မာနိုင်ငံကို အလုံးစုံစီးပွားရေး ပိတ်ဆို့တာ မဟုတ်ဘဲ စစ်အုပ်စုနဲ့ ဆက်စပ်ပတ်သက်နေတဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ ပူးပေါင်း လုပ်ဆောင်တာတွေကို အဖွဲ့ဝင်နိုင်ငံတွေ အနေနဲ့ ပြန်သုံးသပ်ဖို့ လုပ်ဆောင်တာ ဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် CTUM ဥက္ကဋ္ဌ ဦးမောင်မောင်က ပြောထားပါတယ်။

အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် ILO ရဲ့ ၁၁၃ ကြိမ်မြောက် ညီလာခံကနေ မြန်မာနိုင်ငံနဲ့ စစ်ကောင်စီကို အရေးယူဖို့ တညီတညွတ်တည်း ဆုံးဖြတ်ခဲ့ကြတာ ဖြစ်ပြီး၊ တရုတ်၊ ရုရှားနဲ့ ဘီလာရုစ် နိုင်ငံတွေကတော့ ကန့်ကွက်ခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013