Quad နိုင်ငံများ အရေးပါသည့် သတ္တုသယံဇာတဆိုင်ရာ စာချုပ်များ ချုပ်ဆိုဟု ထရမ့်ပ်ပြော

အမေရိကန်၊ အိန္ဒိယ၊ ဂျပန်နဲ့ ဩစတြေးလျတို့ပါဝင်တဲ့ Quad အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ နိုင်ငံခြားထောက်ပံ့ ပေးသူတွေအပေါ် မှီခိုအားထားရမှုကြောင့် ထိခိုက်လွယ်နိုင်ခြေ မရှိစေဖို့ အရေးပါတဲ့ သတ္တုသယံဇာတဆိုင်ရာ သဘောတူညီချက်တွေ အများကြီးကို ချုပ်ဆိုခဲ့တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က နိုဝင်ဘာလ ၁၇ ရက်မှာ ပြောပါတယ်။
ထရမ့်ပ်က “နိုင်ငံအသီးသီးအနေနဲ့ ကျနော်တို့ အတော်လေး နောက်ကျခဲ့ကြပေမဲ့ အခုတော့ အတော်လေး စောစောစီးစီး လုပ်ဆောင်နိုင်ခဲ့ပြီ။ ဘယ်သူမှ မဖြစ်နိုင်ဘူးလို့ ထင်မှတ်ထားလောက်တဲ့ အရှိန်အဟုန်မျိုးနဲ့ ကျနော်တို့ ရှေ့ဆက်နေကြပါတယ်" လို့ Quad အဖွဲ့နဲ့ ပတ်သက်ပြီး ပြောပါတယ်။
အစည်းအဝေးမစတင်မီ ထရမ့်ပ်က Quad အဖွဲ့ဝင် ခေါင်းဆောင်တွေနဲ့အတူ ဓာတ်ပုံရိုက်နေချိန်မှာ သတင်းထောက်တွေရဲ့ မေးခွန်းတွေကို ဖြေခဲ့တာပါ။
တရုတ်နိုင်ငံ၊ ရှန်ကျန်းမြို့မှာ ကျင်းပတဲ့ APEC ထိပ်သီးအစည်းအဝေးရဲ့ ဆက်စပ် အစီအစဉ် တခု အဖြစ် တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ချိန်မှာ ထိုင်ဝမ်ကိစ္စကို ထည့်ဆွေးနွေးမလားလို့ မေးမြန်းရာမှာ၊ ထရမ့်ပ်က သမ္မတ ရှီကျင့်ဖျင်ကိုယ်တိုင်ကသာ အဲဒီကိစ္စကို စတင်ပြောဆိုလာဖို့ မျှော်လင့်တယ်လို့ ပြန်ဖြေခဲ့ပါတယ်။
ဒါ့အပြင် နည်းပညာကုမ္ပဏီကြီးတခုဖြစ်တဲ့ Nvidia က အမျိုးသားလုံခြုံရေးဆိုင်ရာ အစီအစဉ် တခုကို စတင်လုပ်ဆောင်တာ ကောင်းမွန်တဲ့ အကြံဉာဏ်တခုဖြစ်တယ်လို့လည်း ထရမ့်ပ်က သီးခြား မှတ်ချက်ပြု ပြောဆိုပါတယ်။
Source: Reuters











