DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီကို အပြင်းထန်ဆုံးပုဒ်မဖြင့်အရေးယူရန် ILO ဆုံးဖြတ်
DVB
·
June 5, 2025
စစ်ကောင်စီကို အပြင်းထန်ဆုံးပုဒ်မဖြင့်အရေးယူရန် ILO ဆုံးဖြတ်
Donate to DVB

အကြမ်းဖက် စစ်ကောင်စီကို အရေးယူဖို့အတွက် အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ (ILO) ရဲ့ ညီလာခံကနေ ဇွန် ၅ ရက် ဒီနေ့ ဆုံးဖြတ်ချက်ချလိုက်ပါတယ်။

ILO ရဲ့ အပြင်းထန်ဆုံး အရေးယူတာတွေထဲကတခုဖြစ်တဲ့ ပုဒ်မ ၃၃ နဲ့ အရေးယူဖို့ဆုံးဖြတ်တာဖြစ်ပြီး သမိုင်းတလျှောက် ၃ ကြိမ်မြောက် ဆုံးဖြတ်ချက်ဖြစ်ပါတယ်။

ဒီနေ့ ILO ရဲ့ ၁၁၃ ကြိမ်မြောက် ညီလာခံကနေ ဆုံးဖြတ်ချက်ချခဲ့တာဖြစ်ပြီး အကြမ်းဖက်စစ်အုပ်စုအပေါ် အားလုံးပူးပေါင်းတော်လှန်တဲ့ လုပ်ရပ်ဖြစ်တာကြောင့် အလွန်ကြီးမားတဲ့ အောင်ပွဲဖြစ်တယ်လို့ မြန်မာနိုင်ငံ အလုပ်သမားတပ်ပေါင်းစု (MLA) က ဆိုပါတယ်။

ILO ပုဒ်မ ၃၃ နဲ့အရေးယူတယ်ဆိုတာဟာ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ဘဝတွေကို အကာအကွယ်ပေးသတဲ့ ယန္တရားကိုဖော်ဆောင်နိုင်မှာဖြစ်ပြီး အကြမ်းဖက်စစ်အုပ်စုကို  ဖိအားဖြစ်စေတဲ့အချက်ဖြစ်တယ် လို့လည်း ဆိုပါတယ်။

ထူးခြားတာကတော့ နိုင်ငံတကာအလုပ်ရှင်တွေဟာ အရင်ကတော့ ပုဒ်မ ၃၃ အပေါ် ပြင်းပြင်းထန်ထန် ငြင်းဆိုခဲ့ကြပေမဲ့ အခုမြန်မာကိစ္စအ‌ရေးယူတာမှာတော့ ပိတ်ဆို့တားဆီးမှာ မဟုတ်ဘူးကြောင်းနဲ့ အစီရင်ခံစာမူကြမ်းအပေါ် ထောက်ခံကြောင်း ပြောကြားခဲ့ကြတယ်လို့ MLA က ထုတ်ပြန်ပါတယ်။

အခုလို အရေးယူမှာကို ရုရှား၊ တရုတ်၊ ဘီလာရုဇ်၊ ပိုလန်နဲ့ လာအိုတို့က မထောက်ခံခဲ့ဘူးလို့ သိရပါတယ်။

ဒီ ဆုံးဖြတ်ချက်ထွက်လာဖို့အတွက် သက်သေထွက်ဆိုချက်တွေ၊ လှုပ်ရှားမှုတွေ၊ စာတမ်းတွေ စတာတွေနဲ့ အဆင့်ဆင့်ကြိုးပမ်းခဲ့ကြရပြီး မြန်မာနိုင်ငံကို ၂၀၀၀ ပြည့်နှစ်ကလည်း ဒီပုဒ်မနဲ့ အရေးယူဖို့ ဆုံးဖြတ်ချက်ချခဲ့တာကြောင့် ဒါဟာ ဒုတိယအကြိမ်လည်းဖြစ်ပါတယ်။

ဘယ်လိုပုံစံနဲ့အရေးယူမယ်ဆိုတာ အတိအကျမသိရသေးပေမဲ့ ပစ်မှတ်ထား ပိတ်ဆို့ အရေးယူတာတွေ၊ ခရီးသွားလာခွင့် ပိတ်ပင်တာနဲ့ ပိုင်ဆိုင်မှုထိန်းချုပ်တာ၊ စီးပွားရေး ဆက်ဆံရေး ပြန်လည်သုံးသပ်တာ၊ အဓမ္မလုပ်အားခိုင်းစေမှု၊ လူ့အခွင့်အရေးချိုးဖောက်တာတွေမှာ ပါဝင်ပတ်သက်နေတဲ့ လုပ်ငန်းတွေကို ပစ်မှတ်ထားအရေးယူတာ၊ အထောက်အပံ့တွေ ရပ်ဆိုင်းတာ၊ မြန်မာနိုင်ငံရဲ့ အခြေအနေကို ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၊ လုံခြုံရေးကောင်စီနဲ့ နိုင်ငံတကာ ရာဇဝတ်မှုဆိုင်ရာ တရားရုံးတို့လို အဖွဲ့အစည်းတွေဆီကို လွှဲပြောင်းတင်ပြဖို့လည်း ILO က ဆုံးဖြတ်နိုင်ပါတယ်။

မြန်မာနိုင်ငံ အလုပ်သမားတပ်ပေါင်းစု (MLA) ကလည်း အကြမ်းဖက်စစ်အုပ်စုရဲ့ လောင်စာဆီနဲ့ ငွေကြေးစီးဆင်းတာတွေကို နိုင်ငံတကာက စောင့်ကြည့်ဖိအားပေးဖို့နဲ့ ထိရောက်တဲ့ အရေးယူတာတွေ ဆက်ဖြစ်လာစေဖို့ အားလုံးပူးပေါင်းပါဝင်ကြဖို့ တိုက်တွန်းထားပါတယ်။

Photo : CTUM Myanmar

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013