
ကရင်ပြည်နယ်အတွင်း လိုင်စင်မဲ့ ဆိုင်ကယ်၊ မော်တော်ယာဥ်တွေကို ဖမ်းဆီးနေတာကြောင့် ဘားအံမြို့ပေါ်မှာ ခရီးသွားလာမှုတွေ လျော့နည်းပြီး ခြောက်ကပ်နေတယ်လို့ မြို့မိမြို့ဖတွေက ပြောပါတယ်။
မေလနောက်ဆုံးပတ်က စတင်ပြီး ကရင်ပြည်နယ်အတွင်း လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်နဲ့ လိုင်စင်မဲ့ ကားတွေ အသုံးမပြုဖို့ စစ်ကောင်စီ လက်အောက်ခံ ကရင်ပြည်နယ် ယာဥ်အန္တရာယ် လမ်းအန္တရာယ်ကင်းရှင်းရေးကော်မတီက လိုက်လံသတိပေးတာတွေ လုပ်ဆောင်ခဲ့ပါတယ်။
ဇွန် ၁ ရက်ကစတင်ပြီး ကရင်ပြည်နယ်အတွင်းက ဘားအံ၊ ကော့ကရိတ်၊ မြဝတီ၊ ကြာအင်းဆိပ်ကြီး၊ သံတောင်ကြီး၊ လှိုင်းဘွဲ မြို့နယ် ၇ မြို့နယ်အတွင်း ဖြတ်သန်းသွားလာနေတဲ့ လိုင်စင်မဲ့ယာဉ်တွေကို ဖမ်းဆီးခဲ့ပါတယ်။
မြို့မိမြို့ဖတယောက်က “အခြေအနေက ဖမ်းနေတယ်လေ။ ဆိုင်ကယ်ကော ကားကော။ တနေ့ကို ၃ ကြိမ် ထွက်ဖမ်းတယ်။ မြို့ပေါ်မှာ တရားမဝင်ယာဉ်တွေကို ဖမ်းမယ်ဆိုတာ လိုက်အော်တဲ့ ကားကိုက Without ကားဖြစ်နေတယ်။ အခုက ဘားအံမြို့က ခြောက်ကပ်သွားပြီ။ ရွာတွေနဲ့လည်း အဆင်အသွယ်ပြတ်တာပေါ့။ ဌာနဆိုင်ရာဝန်ထမ်းလည်း သူ ဖမ်းမှာပဲ။ အကုန်လုံး ရပ်ကုန်တယ်” လို့ ပြောပါတယ်။
ဇွန် ၂ ရက်နေ့ ညနေ ၅ နာရီလောက်က ဘားအံမြို့ ကားကြီးကွင်း အဝင်အနီးမှာ ယာဉ်ဖမ်းဆီးရေး အဖွဲ့စုံအဖွဲ့နဲ့ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ဝင်တို့ ယာဉ်ဖမ်းဆီးတာနဲ့ပတ်သက်ပြီး ပဋိပက္ခ ဖြစ်ပွားခဲ့တာကြောင့် ပြည်သူတွေစိုးရိမ်ခဲ့ရတယ်လို့ မြို့ခံတယောက် ပြောပါတယ်။
“အခုလို လိုင်စင်မဲ့ယာဉ်တွေ ဖမ်းဆီးနေတဲ့အတွက် ပြည်သူတွေက အရမ်းဒုက္ခရောက်ကြတာပေါ့။ နောက်ပြီး ကျေးလက်နေပြည်သူတွေက မရှိမဲ့ရှိမဲ့ လိုင်စင်မဲ့ယာဉ်လေးတွေနဲ့ စိုက်ပျိုးရေးက ထွက်တဲ့ ကုန်စိမ်းတွေ မြို့ပေါ်လာပို့ရောင်းချရတယ်။ ယာဉ်တွေ ဖမ်းလိုက်တော့ အရမ်းဒုက္ခရောက်တယ်။ အခု လိုင်စင်မဲ့ယာဉ်တွေ ဖမ်းတာက အရင်ဖမ်းဆီးတာထက် ပိုဆိုးတယ်။ အခုက လက်နက်ကိုင်တွေနဲ့တောင် ပစ်မယ်ခတ်မယ် အထိ ပဋိပက္ခတွေ ဖြစ်ကြတယ်။ ပြည်သူတွေလည်း အရမ်းစိုးရိမ်နေရတယ်။”
မြန်မာ-ထိုင်း နယ်စပ် မြဝတီမြို့ကတဆင့် မြန်မာတနိုင်ငံလုံးကို လိုင်စင်မဲ့မော်တော်ယာဉ်တွေ ဝင်ရောက်ဖို့ လက်နက်ကိုင်အဖွဲ့အစည်းတွေ၊ ဌာနဆိုင်ရာတွေက ငွေကြေးရယူပြီး အဓိက တင်သွင်းနေတာလို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ မေလ ၂၀ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ စစ်ကောင်စီအဖွဲ့ရဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးမှာ စစ်ခေါင်းဆောင်က လိုင်စင်မဲ့ကားနဲ့ လိုင်စင်မဲ့ ဆိုင်ကယ် စီးနင်းနေတာတွေကို ဖော်ထုတ်ရမှာဖြစ်ပြီး နံပါတ်ပြား အတုပြုလုပ်တာ၊ လိုင်စင်အတု ပြုလုပ်တာတွေကို တွေ့ရတဲ့အတွက် တာဝန်ရှိသူတွေအနေနဲ့ ပါဝင်ပတ်သက်နေသူ အားလုံးကို စိစစ်ဖော်ထုတ် အရေးယူဖို့ ညွှန်ကြားခဲ့တယ်လို့ သိရပါတယ်။
အောင်ခန့်