DVB Logo
Home
မြန်မာသတင်း
လုပ်ခလစာ တိုးပေးရေး ဆက်တိုက် တောင်းဆိုနေ၊ နယ်မြို့များမှ လုပ်သားများ ရန်ကုန်နည်းတူ လုပ်အားခတန်းတူ ရရှိလို 
DVB
·
June 5, 2025
လုပ်ခလစာ တိုးပေးရေး ဆက်တိုက် တောင်းဆိုနေ၊ နယ်မြို့များမှ လုပ်သားများ ရန်ကုန်နည်းတူ လုပ်အားခတန်းတူ ရရှိလို 
Donate to DVB

မြန်မာပြည်တွင်းက အထည်ချုပ်စက်ရုံ၊ အလုပ်ရုံတွေမှာ လုပ်အားခ တရက်လုပ်ခလစာ ငွေကျပ် ၁၃,၀၀၀ အထိ တိုးပေးဖို့ အလုပ်သမားတွေ စုပေါင်း တောင်းဆိုနေကြပြီး၊ ပြေလည်မှု ရရှိသွားတဲ့ စက်ရုံတွေ ရှိသလို ဆက်လက် တောင်းဆိုနေတဲ့ စက်ရုံတွေလည်း ရှိနေပါတယ်။

ရန်ကုန်တိုင်း၊ ရွှေပြည်သာစက်မှုဇုန်ရှိ Myanmar Postarion (ယခင် Red Stone) အထည်ချုပ်စက်ရုံ လုပ်သားတွေဟာ လုပ်ခလစာ ဒေးကြေး ကျပ် ၁၃,၀၀၀ တိုးမြှင့်ပေးဖို့ ဒုတိယမြောက်နေ့အဖြစ် ဇွန် ၄  ရက်က တောင်းဆိုမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

စက်ရုံလုပ်သားတွေရဲ့ တောင်းဆိုချက်တွေမှာ လုပ်ခလစာဒေးကြေး ကျပ် ၁၃,၀၀၀၊ ရက်မှန်ကြေး ကျပ် ၆၀,၀၀၀ နဲ့ အချိန်ပိုကြေး တနာရီ ကျပ်  ၂,၅၀၀ တိုးမြှင့်ပေးဖို့ စုပေါင်း တောင်းဆိုနေကြတာ ဖြစ်ပါတယ်။

ပြည်တွင်းမှာရှိတဲ့ အထည်ချုပ်စက်ရုံ၊ အလုပ်ရုံတွေမှာ လုပ်ခလစာ တိုးပေးဖို့ ဆန္ဒပြ တောင်းဆိုတာတွေ မေလလယ်ကစလို့ ဆက်တိုက်ရှိလာပြီး၊ စက်ရုံတချို့ကတော့ ငွေကျပ် ၁၁၅၀၀ ကနေ ၁၂၀၀၀ အထိ တိုးပေးတာတွေ ရှိလာတယ်လို့ အလုပ်သမားအရေး လှုပ်ရှားသူတွေဆီက သိရပါတယ်။

သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ် (STUM) ဒါရိုက်တာ ဒေါ်မျိုးမျိုးအေးက “အလုပ်သမားတွေအတွက် ပိုပြီး အဆင်ပြေလာလားဆိုရင် ၁၀,၀၀၀ အောက် ရနေရာကနေ ၁၀,၀၀၀ အထက် ရလာတယ်။ အိုတီကြေးတွေ ၂,၀၀၀ အထက် ရလာတယ်။ ဒါတွေက အများကြီး မတိုးပေမဲ့လည်း နည်းနည်းချင်းတိုးလာတယ်။ ရက်မှန်ကြေးတွေ တိုးလာတယ်။ ဒီအပေါ်မှာ ကျမတို့က တိုးပေးလာတဲ့ လုပ်ငန်းရှင်တွေနဲ့ စုစည်းမှု ပြသနိုင်တယ်။ ဒါကို အရဲစွန့်ပြီး လုပ်တဲ့ အလုပ်သမားတွေကို ချီးကျုးရမှာ၊ ဂုဏ်ပြုရမှာ ဖြစ်ပါတယ်ရှင့်။ နည်းနည်းတိုး၊ များများတိုး ဒီလှုပ်ရှားမှုတွေကို ဂရုစိုက်ပေးရမှာ။ ဒီအသံတွေကို တန်ဖိုးထားပေးရမှာပါ”လို့ ပြောပါတယ်။ 

လုပ်ခတိုးမြှင့်ပေးဖို့ တောင်းဆိုတဲ့ စက်ရုံတွေ ဆက်တိုက် ရှိလာနေပြီး အများစုက ဒေးကြေး ကျပ် ၁၁,၅၀၀ ကျပ်နဲ့ ပြီးပြတ်သွားတယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။ 

ဒါပေမဲ့ လုပ်ခလစာ တိုးပေးဖို့ လူစုလူဝေးနဲ့ မတောင်းဆိုရဲကြသေးတဲ့ စက်ရုံအလုပ်ရုံတွေ များစွာရှိနေသေးသလို၊ ရန်ကုန် မဟုတ်တဲ့ နယ်မြို့တွေမှာဆိုရင် စက်ရုံတွေက လုပ်ခလစာကို တိုးမပေးဘဲ လုပ်အားညှစ်ထုတ် စေခိုင်းတာတွေလည်း ရှိနေပါတယ်။

ဧရာဝတီတိုင်းက စက်ရုံလုပ်သားတယောက်က “ဒေးကြေးကို အများနည်းတူ၊ ရန်ကုန်က စက်ရုံတွေနည်းတူ လိုချင်တယ်။ လုပ်အားခကိုလည်း အိုတီကြေးကို တနာရီဆင်းရင် တနာရီခ ရချင်တယ်။ အခုခေတ် ကုန်ဈေးနှုန်းနဲ့ စားစရိတ်၊ သောက်စရိတ်နဲ့ဆိုရင် ရတဲ့ လစာက ကျနော်တို့အနေနဲ့ ဘာမှ ပြောပလောက်အောင် လောက်ငတာ မရှိဘူး။ ကျနော်တို့ဆို ဒေးကြေး ကျပ် ၅၅၀၀ ရတယ်။ ကျနော်တို့က လခစားဖြစ်ပြီဆိုတော့ တလလုံး အလုပ်ဆင်းရင် ကျပ်  ၃၆၀,၀၀၀  အဲဒီဝန်းကျင် ရတယ်။ ဒါဆို ကျနော်တို့ တလအတွင်းမှာ စားစရိတ်က လောက်ငမှုတော့ မရှိဘူးပေါ့”လို့ ပြောပါတယ်။

၂၀၁၈ ကတည်းက သတ်မှတ်ထားတဲ့ အနည်းဆုံး တရက်လုပ်ခ ကျပ် ၄,၈၀၀ ၊ အာဏာသိမ်း စစ်ကောင်စီက မကြာခင်ကမှ ခွင့်ပြုလိုက်တဲ့ ထောက်ပံ့ကြေး ကျပ် ၂,၀၀၀ နဲ့ လုပ်ကိုင်နေကြရတာဟာ ဒီကနေ့ခေတ် ကုန်ဈေးနှုန်းနဲ့ မကိုက်ညီတဲ့ နှုန်းထားဖြစ်နေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

လက်ရှိမှာ အလုပ်သမားတွေ စုပေါင်း ဆန္ဒပြတောင်းဆိုလို့ ညှိနှိုင်းပြေလည်သွားတဲ့ စက်ရုံတွေ ရှိသလို ဆက်လက် တောင်းဆိုနေဆဲနဲ့ ဆန္ဒပြဖို့ ပြင်ဆင်နေတဲ့ စက်ရုံတွေ ရှိနေတယ်လို့လည်း သိရပါတယ်။

ဇွဲသစ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013