မြန်မာ့ပြည်တွင်းရေးကို ပြောင်ပြောင်တင်းတင်း ဝင်ရောက်စွက်ဖက်နေတဲ့ တရုတ်အစိုးရကို ဆန့်ကျင်ကန့်ကွက်တဲ့လှုပ်ရှားမှုကို အမေရိကန်ပြည်ထောင်စု၊ မြောက်ကယ်ရိုလိုင်းနားပြည်နယ်မှာ မြန်မာ့အရေးတက်ကြွလှုပ်ရှားသူတွေက မေ ၃၁ ရက်မှာ ကျင်းပပါတယ်။
‘တော်လှန်မျိုးဆက်ကမ်းသောလက်’ ထောက်ပို့ရန်ပုံငွေပွဲနဲ့ တရုတ်အစိုးရကို ဆန့်ကျင်ကြောင်း ပိုစတာကမ်ပိန်း ပြုလုပ်တာမှာ သရုပ်ဆောင်ခါရာ၊ တေးရေး တေးဆို လင်းထက်၊ အဆိုတော် ထက်အောင်ရှိုင်း၊ အဆိုတော် နီနီနိုင်ဝင်းနဲ့ အဆိုတော် Mark Jason တို့ပူးပေါင်းပါဝင် ဖျော်ဖြေခဲ့ကြပါတယ်။
အဆိုတော် ထက်အောင်ရှိုင်းက " တရုတ်က ကျနော်တို့ တိုင်းပြည်အရေးမှာ ဝင်ရောက်စွက်ဖက်နေတာကို ရပ်တန်းကရပ်ဖို့ အဲ့ဒီပိုစတာကမ်ပိန်းနဲ့ ဆန့်ကျင်ကြောင်း ဆန္ဒပြပွဲလုပ်ခဲ့တာပါ”လို့ ပြောပါတယ်။
ဒီလှုပ်ရှားမှုကနေ ရရှိထားတဲ့ ရန်ပုံငွေတွေကို မြေပြင်ကတော်လှန်ရေးတပ်သားတွေဆီကို တိုက်ရိုက်ပေးပို့သွားဖို့ စီစဉ်ထားတယ်လို့ ပွဲစီစဉ်သူတွေက ပြောပါတယ်။
မြန်မာ့ပြည်တွင်းရေးကို ဝင်စွက်ဖက်နေတဲ့ တရုတ်အစိုးရရဲ့မူဝါဒကို ဆန့်ကျင်ကန့်ကွက်ကြောင်း အမေရိကန်ပြည်ထောင်စု ပြည်နယ်အသီးသီးမှာ ရောက်ရှိနေကြတဲ့ မြန်မာအသိုက်အဝန်းတွေ ကလည်း တပြိုင်တည်း ဆန္ဒပြသွားဖို့ စီစဉ်နေကြပါတယ်။
ဒေသစံတော်ချိန် ဇွန် ၆ ရက်နဲ့ ၇ ရက်တွေမှာ တပြိုင်တည်း ဆန္ဒပြသွားဖို့ တက်ကြွလှုပ်ရှားသူတွေက ပြင်ဆင်နေကြပြီး တရုတ်သံရုံးနဲ့ ကောင်စစ်ဝန်ရုံးတွေရှိတဲ့ မြို့တွေမှာ နိုင်ငံတကာက မြန်မာ့အရေးကို ပိုသိနားလည်လာအောင် ဆောင်ရွက်သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြို့တော်ဝါရှင်တန်ဒီစီ တရုတ်သံရုံးရှေ့မှာ ပြုလုပ်မယ့် ဆန္ဒပြပွဲကို နယူးယောက်၊ နယူးဂျာစီ၊ မြောက်ကယ်ရိုလိုင်းနား၊ ပင်ဆယ်ဗေးနီးယား၊ ဗာဂျီးနီးယား၊ မေရီလန်းပြည်နယ်တွေက မြန်မာတွ ပူးပေါင်းပါဝင်ဖို့ ပြင်ဆင်နေကြပါတယ်။
စစ်အာဏာသိမ်းအစောပိုင်းကာလမှာ တရုတ်အစိုးရက မြန်မာ့အရေးနဲ့ပတ်သက်ပြီး ဝင်ရောက်ပြောဆိုတာ၊ မှတ်ချက်ပေးတာမျိုးမရှိခဲ့ပေမဲ့ ၂၀၂၃ ခုနှစ် မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးအလွန်ကာလမှာတော့ မြင်သာတဲ့ပါဝင်ပတ်သက်မှုတွေ စတင်ပြုလုပ်ခဲ့တာပါ။
စစ်အာဏာရှင်ဟောင်းတွေနဲ့တွေ့ဆုံတာ၊ တရုတ်နိုင်ငံကို စစ်ခေါင်းဆောင်ကို ဖိတ်ခေါ်တွေ့ဆုံတာ၊ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို ထောက်ခံအားပေးပြီး အကူအညီတွေ ပေးခဲ့တာ၊ လားရှိုးမြို့ကို စစ်ကောင်စီ လက်ထဲ ပြန်လွှဲပေးခဲ့တာ၊ အာဆီယံဒေသတွင်းနိုင်ငံတွေကို ဖိအားပေးပြီး နိုင်ငံရေးအရ လိုချင်တဲ့ပုံစံကိုအသွင်ပြောင်းယူတာ စတာတွေကို တရုတ်အစိုးရက ဆက်တိုက်ပြုလုပ်လာတာ ဖြစ်ပါတယ်။