
အစ္စရေးစစ်တပ်က ဂါဇာမြို့ပေါ်က လူနေရပ်ကွက်တခုကို ဇွန် ၁ ရက်က ဝင်တိုက်ခဲ့လို့ ပါလက်စတိုင်းသား ဒါဇင်နဲ့ချီတဲ့လူတွေ ဒဏ်ရာရခဲ့ပါတယ်။
တိုက်ခိုက်မှုအတွင်း လူဘယ်လောက် သေဆုံး ဒဏ်ရာရခဲ့တယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
ဂါဇာကမ်းမြောင်က အမေရိကန် ကျောထောက်နောက်ခံပြု အဖွဲ့ကနေ အကူအညီတွေကို ထောက်ပံ့ ဖြန့်ဖြူးနေတဲ့ နေရာတွေမှာ စုရုံးနေတဲ့ ပါလက်စတိုင်း လူမျိုးတွေကို အစ္စရေးက တင့်ကားတွေ၊ ဒရုန်းတွေနဲ့ ပစ်ခတ်ခဲ့လို့ ဂါဇာတောင်ပိုင်းက ရာဖာမြို့ တမြို့တည်းမှာ လူအယောက် ၃၀ ကျော် သေဆုံးခဲ့ပါတယ်။
ဟားမတ်စ်က ဓားစာခံ ၁၀ ယောက်ကို အသက်ရှင်လျက် လွှတ်ပေးပြီး သေဆုံးသူ ၁၈ ယောက်ရဲ့ ရုပ်အလောင်းတွေကို လွှဲပြောင်းပေးအပ်ဖို့နဲ့ အစ္စရေး အကျဉ်းထောင်တွေက ပါလက်စတိုင်း အကျဉ်းသားတွေနဲ့ လဲလှယ်ဖို့ ဆန္ဒရှိတယ်လို့ ပြောခဲ့ပါတယ်။
ဒါပေမဲ့ ဂါဇာကမ်းမြောင်ဒေသကနေ အစ္စရေးတပ်တွေ ဆုတ်ခွာရေးနဲ့ စစ်ပွဲအဆုံးသတ်ရေး တောင်းဆိုချက်တွေကို ဟားမတ်စ်က ထပ်လောင်းတောင်းဆိုခဲ့ပြီး အခြေအနေတွေကို အစ္စရေးက ပယ်ချခဲ့ပါတယ်။
ဟားမတ်စ်အဖွဲ့က အမေရိကန်ပြည်ထောင်စုကနေ အဆိုပြုထားတဲ့ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ သဘောတူညီချက်ကို အပြောင်းအလဲလုပ်ဖို့ ကြိုးပမ်းနေပေမဲ့ အမေရိကန် အထူးကိုယ်စားလှယ် စတိဗ် ဝစ်ကော့ဖ်က ဟားမတ်စ်ရဲ့ တုံ့ပြန်မှုက လုံးဝလက်မခံနိုင်စရာဘဲလို့ ပြောလိုက်ပါတယ်။
ဂါဇာမှာ အစ္စရေးရဲ့ စစ်ပွဲကြောင့် ပါလက်စတိုင်း ၅၄,၄၁၈ ယောက်ထက်မနည်း သေဆုံးပြီး ၁၂၄,၁၉၀ ဒဏ်ရာရခဲ့တယ်လို့ ဂါဇာကျန်းမာရေးဝန်ကြီးဌာနက ဇွန်လ ၁ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
အပျက်အစီးတွေရဲ့အောက်မှာ ပျောက်ဆုံးနေသူ ထောင်ပေါင်းများစွာ သေဆုံးနေပြီလို့ ယူဆထားတဲ့အတွက် စုစုပေါင်း သေဆုံးသူဦးရေ ၆၁,၇၀၀ ကျော်ရှိပြီလို့ ဂါဇာကမ်းမြောင်ဒေသ အစိုးရမီဒီယာရုံးက ပြောပါတယ်။
၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်မှာ ဟားမတ်စ် ဦးဆောင်တဲ့ တိုက်ခိုက်မှုအတွင်း အစ္စရေးမှာ ခန့်မှန်းခြေ လူ ၁,၁၃၉ ယောက် သေဆုံးခဲ့ပြီး တခြား လူ အယောက် ၂၀၀ ကျော် အဖမ်းခံခဲ့ရပါတယ်။
Source: Reuters