DVB Logo
Home
မြန်မာသတင်း
ပခုက္ကူမြို့နယ်တွင် စစ်တပ်စစ်ကြောင်း မီးရှို့ဖျက်ဆီးသဖြင့် တော်လှန်ရေးတပ်စခန်းပျက်စီး
DVB
·
May 31, 2025
ပခုက္ကူမြို့နယ်တွင် စစ်တပ်စစ်ကြောင်း မီးရှို့ဖျက်ဆီးသဖြင့် တော်လှန်ရေးတပ်စခန်းပျက်စီး
1 / 6
Donate to DVB

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်တွင် စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းက မေ ၂၈ ရက်နေ့ ညနေ ၄ ဝန်းကျင်မှာ မီးရှို့ဖျက်ဆီးလို့ ကမ္မတပ်ပေါင်းစုရဲ့ Kamma Defence Force (KMDF) တပ်စခန်းပျက်စီးပြီး ကျပ်သိန်း ၄၀၀ ဝန်းကျင်တန်ဖိုးရှိတဲ့ တိုက်ခိုက်ရေးသုံးပစ္စည်းတွေ မီးလောင်ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

Kamma Defence Force (KMDF) ရဲ့ ပြန်ကြားရေးတာဝန်ရှိသူက “အရင်ရက်ပိုင်းက ပခုက္ကူ တပ်မ ၁၀၁ ကနေ ကားတွေနဲ့ထွက်လာတဲ့ အင်အား ၁၅၀ လောက်စစ်ကြောင်းက ကမ္မမြို့ပေါ်ကနေ စစ်ကြောင်းထိုးရင်း ကျနော်တို့ စခန်းကိုမီးရှို့ဖျက်ဆီးသွားတာပါ။ အားလုံးပေါင်းလိုက်ရင် သိန်း ၄၀၀ ဖိုးလောက်ပျက်စီး ဆုံးရှုံးခဲ့ပါတယ်။ ရဲဘော်တွေတော့ ထိခိုက်ဒဏ်ရာရတာ၊ ဖမ်းဆီးခံရတာမရှိပါဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မီးရှို့ဖျက်ဆီးခဲ့တာကြောင့် TNT ယမ်း၊ မိုင်း၊ ဖောက်ခွဲရေးပစ္စည်း၊ G3 ကျည်အရေအတွက်ရာချီ၊ လက်နက်ထုတ်လုပ်ရေးပစ္စည်းတွေ၊ မီးစက်၊ ရိက္ခာတွေနဲ့ ဆိုင်ကယ် ၂ စီးတို့ ပျက်စီးခဲ့တယ်လို့လည်း သူက ဆက်ပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်းဟာ မေ ၂၆ ရက်နေ့ကစပြီး ပခုက္ကူ တပ်မ ၁၀၁ ကနေ စစ်ကား ၁၀ စီးနဲ့ ထွက်လာကြတာဖြစ်ပြီး ကမ္မမြို့ပေါ်နဲ့ အနီးအနားကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်နေတာ​ဖြစ်ပါတယ်။

Kamma Defence Force (KMDF) ရဲ့ တာဝန်ခံက “ရဲဘော်တွေက သူတို့လာမယ်ထင်တဲ့လမ်းကို သွားစောင့်တာ အဲဒီလမ်းကနေမလာဘဲနဲ့ တခြားတောလမ်းကနေ ဝင်လာပြီး တိုက်ပွဲဖြစ်တာမရှိဘဲနဲ့ စခန်းကိုဝင်ဖျက်ဆီးသွားတာ။ အခု အဖျက်ဆီး ခံလိုက်ရတဲ့စခန်းက စစ်ဘေးရှောင်ပြည်သူတွေ နေထိုင်နေကြတဲ့ စစ်ဘေးရှောင်စခန်းနဲ့လည်းနီးတော့ ပြည်သူတွေထိခိုက်မှာစိုးလို့ ပြန်မတိုက်တော့ဘဲနဲ့ ရှောင်ပေးလိုက်တာလည်းပါတာပေါ့ဗျာ။ အခုတော့ အဲဒီစစ်ကြောင်းက မန်ကျည်းသုံးပင်ရွာကို ရောက်သွားပြီ။ ပခုက္ကူဘက်ကနေလည်းကားတွေနဲ့ အင်အားတွေ ထပ်ဖြည့်နေတာရှိတယ်။ တိုက်ပွဲမဖြစ်သေးပေမယ့် စစ်ရေးအခြေအနေကတင်းမာနေလို့ ကမ္မနဲ့ ရေပြာကြားလမ်းပိုင်းကို အသုံးပြုခွင့်ယာယီပိတ်ထားပါတယ်။ ပြည်သူတွေအနေနဲ့လည်း အဲဒီလမ်းပိုင်းမှာ အသွားအလာတွေမလုပ်ကြဖို့ မေတ္တာရပ်ခံချင်ပါတယ်” လို့ DVB ကို ပြောပါတယ်။

အဲဒီစစ်ကောင်စီစစ်ကြောင်းဟာ မေ ၂၇ ရက်နေ့ကစလို့ ကမ္မမြို့အနီးတဝိုက်ကကျေးရွာတွေကို စစ်ကြောင်းထိုးနေပြီး မကျည်းတန်းကျေးရွာက အသက် ၆၀ ဝန်းကျင် ဦးကြည်စိုး၊ မဲဇလီကျေးရွာက အသက် ၅၀ ဝန်းကျင် ဦးကျော်နိုင်၊ အင်းဘတ်ကျေးရွာက အသက် ၅၀ ကျော် ဦးစန်းအောင်၊ အသက် ၂၂ နှစ်အရွယ် ကိုဖုန်း တို့ကို ဖမ်းဆီးထားပြီး မေ ၃၀ ရက်အထိ ပြန်မလွတ်လာသေးဘူးလို့လည်း သူက ဆက်ပြောပါတယ်။

စစ်ကြောင်းကြောင့် ကမ္မမြို့ပေါ် ရပ်ကွက် ၃ နဲ့ ၄ က ပြည်သူတွေအပြင် ပခုက္ကူနဲ့ကမ္မမြို့ကြားမှာရှိတဲ့ ရွာသာအေး၊ ရေမျက်၊ ပြည့်အိုင်၊ ရေလာကြီး၊ ထန်းတပင်၊ ဝါးကျွန်းတွင်းကျေးရွာနဲ့ အနီးအနားကျေးရွာ‌တွေက ဒေသခံပြည်သူ ၁၀,၀၀၀ လောက်ဟာ ဘေးလွတ်ရာနေရာတွေဆီ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့လည်း ပခုက္ကူလူထုတိုက်ပွဲ ကော်မတီဆီကနေ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013