
မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမှာ တရားမဝင်နေထိုင်သူတွေကို ရှာဖွေတဲ့စစ်ဆင်ရေးအတွင်း မြန်မာနိုင်ငံသား ၁,၂၀၀ ကျော်အပါအဝင် လူပေါင်း ၁,၄၀၀ ကျော်ဖမ်းဆီးမိခဲ့တယ်လို့ မလေးရှား အမျိုးသားသတင်းအေဂျင်စီက ဖော်ပြပါတယ်။
မေ ၂၉ ရက် ညပိုင်းကနေ မေ ၃၀ ရက် မနက်ပိုင်းအထိ ဆာလာယန်းမြောက်ပိုင်းက နေအိမ် ၂၂၅ လုံးနဲ့ စီးပွားရေးလုပ်ငန်းတွေကို အာဏာပိုင်တွေက ဝင်ရောက်စီးနင်းခဲ့တာပါ။
ဘူကစ်အာမန် ပြည်တွင်းလုံခြုံရေးနဲ့ လူထုရေးရာဌာန၊ အထွေထွေစစ်ဆင်ရေးတပ်ဖွဲ့ (GOF) ဒုတိယညွှန်ကြားရေးမှူးက ပူးပေါင်းစစ်ဆင်ရေးအတွင်း လူပေါင်း ၁,၄၃၅ ယောက်ကို စစ်ဆေး ခဲ့တယ်လို့ ဆိုပါတယ်။
“ကလေး အယောက် ၁၆၀ အပါအဝင် မြန်မာနိုင်ငံသား ၁,၂၂၂ ယောက်ဟာ အများဆုံး အရေအတွက်ဖြစ်ပြီး ကျန်ရှိသူတွေကတော့ အိန္ဒိယ၊ နီပေါ၊ ဘင်္ဂလားဒေ့ရှ်နဲ့ အင်ဒိုနီးရှားနိုင်ငံသား တွေ ဖြစ်ကြပါတယ်” လို့ သတင်းစာရှင်းလင်းပွဲမှာ သူက ပြောပါတယ်။
ဖမ်းဆီးရမိသူထဲကတချို့ဟာ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) ကတ်တွေ ကိုင်ဆောင်ထားတာကြောင့် အဲဒီကတ်တွေ မှန်၊ မမှန်ကို စစ်ဆေးဖို့ လူဝင်မှုကြီးကြပ်ရေးဌာနဆီ လွှဲပြောင်းခဲ့တယ်လို့လည်း ဆိုပါတယ်။
“ပြစ်မှုတွေကတော့ ဗီဇာသက်တမ်းကျော်လွန်နေတာ၊ တရားဝင် ခရီးသွားလာခွင့်စာရွက်စာတမ်း မရှိတာ၊ လျှပ်စစ်မီတာခိုးယူသုံးစွဲတာ၊ တရားမဝင်ရေသွယ်တန်းတာနဲ့ ခွင့်ပြုချက်မရှိဘဲ စီးပွားရေး လုပ်တာတို့ပါ” လို့ သူက ဆက်ပြောပါတယ်။
ဝင်ရောက်စီးနင်းခဲ့တဲ့နေအိမ်တွေကို လူအများအပြားနေထိုင်နိုင်ဖို့ တရားမဝင်ပြုပြင်မွမ်းမံထားပြီး အခွင့်မရှိဘဲ လျှပ်စစ်၊ ရေ ချိတ်ဆက်ထားတာလို့ ဆိုပါတယ်။