
မိတ္ထီလာမြို့အဝင် တိုးဂိတ်မှာ စစ်ကောင်စီလက်အောက်ခံ မလှိုင်မြို့နယ်စီမံအဖွဲ့ဝင် ၁ ဗိုလ်မှူးဝေဖြိုးနဲ့ စကားများခဲ့တဲ့ မိတ္ထီလာ ပြည်သူ့စစ်ခေါင်းဆောင် အငြိမ်းစားတပ်ကြပ်ကြီး ဇော်ယုထွန်းကို မေ ၂၇ ရက်က စစ်ကောင်စီက ပုဒ်မ ၂ ခုနဲ့ ရုံးထုတ်ပြီး မိတ္ထီလာထောင်ကို ပို့လိုက်တယ်လို့ တရားရုံးနဲ့နီးစပ်တဲ့ သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။
စစ်ကောင်စီက မီတ္ထီလာမြို့နယ်တရားရုံးမှာ မေ ၂၇ ရက်က အငြိမ်းစားတပ်ကြပ်ကြီး ဇော်ယုထွန်းကို ကနဦး ပုဒ်မ၅၀၅ (က)၊ ပုဒ်မ ၆၆ (ဃ) နဲ့ ရုံးထုတ်ခဲ့ပြီးနောက် မိတ္ထီလာအကျဥ်းထောင်ကို ပို့လိုက်တယ်လို့ ပြောပါတယ်။
“ကနဦး ပုဒ်မ ၂ ခုနဲ့ဖွင့်တာ၊ ပုဒ်မ ၅၀၅ (က) က မြို့ နယ်စစ်မှုထမ်းဆင့်ခေါ်ရေးက ဖွင့်တာ၊ ထွေအုပ် ပုဒ်မ ၆၆ (ဃ) စစ်တပ်ဘက်ဖွင့်တာ၊ တခြားပုဒ်မတွေနဲ့ ဖွင့်ဖို့ ထပ်စစ်နေတယ်၊ မိတ္ထီလာမြို့ဝင်ဂိတ်မှာ ဖြစ်တဲ့ကိစ္စ ကိုဇော်ယုထွန်းက ဖြစ်ကတည်က တိုင်ထားတာ၊ ဗိုလ်မှူးဝေဖြိုးက ဘာမှမဖြစ်ဘူး၊ တိုင်တဲ့သူပဲ ထောင်ကျသွားတယ်။”
မတ် ၂၉ ရက်က မိတ္ထီလာမြို့အဝင်ဂိတ်မှာ မလှိုင်မြို့နယ် စီမံအဖွဲ့ဝင် ၁ ဗိုလ်မှူးဝေဖြိုးနဲ့ ကားမှန်တံခါး မချတဲ့ကိစ္စ စကားများပြီးနောက် မိတ္ထီလာတပ်နယ် ခမရ ၁၁၃ က စစ်မှုထမ်းကိစ္စနဲ့ ငွေကျပ်သိန်း ၇၀ ယူတဲ့ကိစ္စပါ လူမှုကွန်ရက်မှာ တင်လိုက်လို့ အဖမ်းခံရတာလို့ မြို့ခံတယောက်က ပြောပါတယ်။
“မိတ္ထီလာမှာ ခမရ ၁၁၃ က ပေါ်တာဆွဲပြီး ငွေသိန်းချီတောင်းပြီး ပြန်လွှတ်နေတာကို မခံနိုင်လို့ လိုင်းပေါ်တက်ရေးတယ်။ တပ်ရင်းမှူးက အငြိုးထားတယ်။ မလှိုင်က ဗိုလ်မှူးဝေဖြိုးနဲ့ မြို့ဝင်ဂိတ်မှာ ပြဿနာတက်တော့ မလှိုင်နဲ့ မိတ္ထီလာ ဗိုလ်မှူးချင်းပေါင်းပြီး ထောင်ထဲထည့်တာ၊ စစ်တပ်အကြောင်း နားလည်တဲ့သူ မရှိမှ စစ်တပ်က လုပ်ချင်တာလုပ်လို့ရမှာလေ။”
အထက်အရာရှိတွေ ကိုယ်တိုင်က ငွေကြေးကောက်ခံနေတဲ့အတွက် “စစ်မှုထမ်းကိစ္စ ငွေကောက်တာ တရားဝင်လား” လို့ မေ ၁၃ ရက်က လူမှုကွန်ရက်မှာ တင်ပြီးနောက် မေ ၁၅ ရက်မှာ မိတ္ထီလာမြို့ ရန်မျိုးအောင်ရပ်ကွက်က နေအိမ်မှာ အငြိမ်းစားတပ်ကြပ်ကြီး ဇော်ယုထွန်းကို စစ်ကောင်စီက ဖမ်းဆီးခဲ့တာပါ။
မိတ္ထီလာမြို့နယ် ပြည်သူ့စစ်ခေါင်းဆောင် အငြိမ်းစားတပ်ကြပ်ကြီး ဇော်ယုထွန်း အဖမ်းခံရပြီးနောက် သူရဲ့လက်အောက်မှာရှိနေတဲ့ အဖွဲ့ဝင် ၁၇ ယောက်က နုတ်ထွက်တော့မယ်လို့ လူမှုကွန်ရက်မှာ ကြေညာခဲ့ပါတယ်။