
မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်ထဲမှာ ပြည်သူ့စစ်ခေါင်းဆောင်လည်းဖြစ်၊ မှုခင်းတွဲဖက်သတင်းထောက်ချုပ်လည်းဖြစ်သူ ဧပြီ ၂၂ ရက်နေ့ ညနေပိုင်းက ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ Popa Guerilla Force (PGF) ဆီကနေ သိရပါတယ်။
Popa Guerilla Force (PGF) ရဲ့ ပြန်ကြားရေးတာဝန်ခံက “ကျောက်ပန်းတောင်းမြို့နယ်ထဲက လမ်းပိုင်းတနေရာမှာ သူတို့ကားကိုတားပြီး သူတို့ကို အရှင်ဖမ်းဖို့ကြိုစောင့်ရင်းက ထွက်ပြေးသွားခဲ့လို့ ပစ်ခတ်ဖမ်းဆီးလိုက်ရတာဖြစ်ပါတယ်” လို့ ပြောပါတယ်။
Wish အမျိုးအစားကားပေါ်မှာ လိုက်ပါလာကြတဲ့ အထူးဟစ်တိုင်သတင်းအေဂျင်စီရဲ့ မှုခင်းရှုထောင့်တွဲဖက်သတင်းထောက်ချုပ်လည်းဖြစ်၊ မင်းဘူးမြို့နယ်အခြေစိုက် ခလရ ၈၈ လက်အောက်ခံ တောင်မန်းပြည်သူ့စစ်အဖွဲ့ခေါင်းဆောင် အသက် ၅၅ နှစ်အရွယ် ဦးဌေးနိုင် နဲ့ အသက် ၃၅ နှစ်ဝန်းကျင် အမျိုးသမီး ၁ ယောက်တို့ သေဆုံးသွားခဲ့ကြတယ်လို့ဆိုပါတယ်။
Popa Guerilla Force (PGF) ရဲ့ ဒုတာဝန်ခံ ကိုဗျတ္တ က “ကျနော်တို့သတင်းရတာက မင်းဘူး ၈၈ တပ်ကဗိုလ်မှူးလာမယ်ဆိုပြီး သတင်းရလို့စောင့်ကြတာဗျ။ တကယ်လာတာက သူ့တပည့်အရင်းကြီး ဖြစ်နေတယ်။ သူနဲ့အတူပါလာတ ဲ့အမျိုးသမီးက သူ့မယားငယ်တဲ့ဗျ။ အထောက်အထားတွေကတော့ သူတို့ဖုန်းတွေထဲကတွေ့တာပေါ့။ ကားကတော့ ဗိုလ်မှူးတယောက်ရဲ့ကားပါ။ ကားပေါ်ပါတဲ့ သူတို့ ၂ ယောက်လုံးသေတယ်။ သူတို့ကားနဲ့ ကားပေါ်ပါတဲ့ သူတို့ပစ္စည်းပစ္စယတွေလည်း သိမ်းလိုက်နိုင်တယ်” လို့ DVB ကို ပြောပါတယ်။
တိုက်ခိုက်မှုအတွင်း PGF က ရဲဘော် ၂ ယောက် မစိုးရိမ်ရတဲ့ဒဏ်ရာတွေ ရရှိခဲ့ကြသေးတယ်လို့လည်း သူက ဆက်ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုကနေ ကား ၁ စီး၊ ကာဘိုင်ကျည် ၇၉ တောင့်၊ ကျည်ဘောက် ၁ ခု၊ လက်ပစ်ဗုံး ၁ လုံး၊ စကားပြောစက် ၁ လုံး၊ ဓား ၁ ချောင်း၊ ဖုန်း ၄ လုံး၊ သက်သေခံကတ်ပြားတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။