DVB Logo
Home
မြန်မာသတင်း
ဈေးနှုန်းမြင့်ပြီး လုပ်ငန်းသုံးပစ္စည်း ဝယ်မရသဖြင့် ဆောက်လုပ်ရေးလုပ်ငန်းအချို့ ရပ်ဆိုင်း
DVB
·
May 30, 2025
ဈေးနှုန်းမြင့်ပြီး လုပ်ငန်းသုံးပစ္စည်း ဝယ်မရသဖြင့် ဆောက်လုပ်ရေးလုပ်ငန်းအချို့ ရပ်ဆိုင်း
Donate to DVB

မြန်မာပြည်တွင်းမှာ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းတွေ ဈေးနှုန်းဆက်တိုက်မြင့်တက်လာမှုနဲ့အတူ လိုသလောက် ဝယ်ယူမရတာတွေကြောင့် လက်ရှိ ဆောက်လုပ်ရေးလုပ်ငန်းတချို့ ရပ်ဆိုင်းထားရတာတွေ ရှိလာကြောင်း ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်သူတွေဆီက သိရပါတယ်။

ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းတွေကို ပြည်ပမှ မှာယူသုံးစွဲရာမှာ အရင်ထက် စျေးနှုန်း နှစ်ဆခန့် မြင့်တက်လာသလို လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့်လည်း ပြည်တွင်းကို တင်သွင်းရာမှာ အခက်အခဲရှိလာပြီး ဆောက်လုပ်ရေးလုပ်ငန်းအများစုဟာ လုပ်ငန်းလည်ပတ်ဖို့ အခက်အခဲဖြစ်လာကြောင်း သိရပါတယ်။

ဆောက်လုပ်ရေးကုမ္ပဏီ ဝန်ထမ်းတယောက်က “ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းတုန်းက ဈေးလေးတွေပြန်ကျတော့ လုပ်ငန်းလေး နည်းနည်း ပြန်လည်ပတ်လိုက်သေးတယ်။ အခု ဈေးက နှစ်ဆနီးပါးလောက်ကို တက်နေတာ။ ပြည်ပက မှာယူရတဲ့ သံချောင်းတို့၊ ဘိလပ်မြေတို့ ဆိုရင်လည်း စျေးတက်တာပဲ။ အခုဆိုရင် လမ်းကြောင်းတွေပိတ်၊ ဈေးနှုန်းတွေ တအားတက်တော့ လုပ်ငန်းက မကိုက်တော့ဘူး။ အလုပ်အပ်တဲ့သူလည်း အများကြီးမသုံးနိုင်၊ အလုပ်လက်ခံတဲ့သူလည်း မကိုက်တော့ အလုပ်တွေ နားထားရတယ်။ အလုပ်သမားတွေလည်း ဒုက္ခတော်တော်ရောက်နေကြတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် ပြည်တွင်းမှာပဲ ဝယ်ယူသုံးစွဲရတဲ့ အုတ်၊ သဲ၊ ကျောက် စျေးနှုန်းတွေလည်း လိုက်ပါမြင့်တက်လာပြီး ကိုဗစ်-၁၉ ကပ်ရောဂါနဲ့ နိုင်ငံရေးအခြေအနေကြောင့် ပြည်တွင်းမှာ အလုပ်အကိုင် အခွင့်အလမ်း နည်းပါးလာချိန် ဆောက်လုပ်ရေးလုပ်ငန်းတွေမှာလည်း အရင်လို အလုပ်အကိုင် မကောင်းတော့ဘူးလို့ ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်သူတွေက ဆိုပါတယ်။

ပုဂ္ဂလိက ဆောက်လုပ်ရေးလုပ်ငန်းရှင်တယောက်က “စစ်တပ်က အာဏာသိမ်းခဲ့တော့ ဖြစ်ပေါ်လာတဲ့ အကျပ်အတည်းတွေကြောင့် ဆောက်လုပ်ရေးသုံး ပစ္စည်းတွေ ဈေးတက်လာတာ။ လက်ရှိ ၄၀ ရာခိုင်နှုန်းအထိလောက်သာ လည်ပတ်နိုင်တော့တယ်။ ဆောက်လုပ်ရေးစရိတ်နဲ့ ကုန်စရိတ်တွေ အရမ်းတက်နေတာနဲ့ အကျိုးအမြတ်တွေ ကွာဟမှုတွေ ရှိတာကြောင့် ဆောက်လုပ်ရေးလုပ်ငန်း ကျဆင်းနေတာ ဖြစ်တယ်။ ဒါ့ကြောင့် လတ်တလော လုပ်သား ပျမ်းမျှ ၁၀,၀၀၀ ကျော်အထိ အလုပ်လက်မဲ့ ဖြစ်နေတယ်” လို့ ပြောပါတယ်။

စစ်တပ်က အာဏာမသိမ်းခင် ၂၀၂၀ ပြည့်နှစ်အထိ ပြည်တွင်း အိမ်ဆောက်ပစ္စည်းဈေးကွက်မှာ လက်အုတ်တလုံး ၉၀ ကျပ်၊ စက်အုတ် (ရှစ်ပေါက်) တလုံး ၁၁၀ ကျပ်၊ သဲတကျင်း ၈,၀၀၀ ကျပ်၊ ကျောက်စရစ်တကျင်း ၇,၁၀၀ ကျပ်၊ ဘိလပ်မြေဈေးနှုန်း တအိတ် ၆,၃၀၀ ကျပ်သာ ဈေးရှိခဲ့ပြီး တဖြည်းဖြည်း ဈေးတက်လာကာ အခုလက်ရှိမှာတော့ အုတ်တလုံး ၃၇၀ မှ ၄၀၀ ကျပ်၊ သဲတကျင်း ၁၂၀,၀၀၀ မှ ၁၃၅,၀၀၀ ကျပ်၊ ကျောက်တကျင်း ၁၄၅,၀၀၀ ကျော်အထိ ဈေးနှုန်းတွေ အဆမတန် မြင့်တက်လာကြောင်း သိရပါတယ်။

အခုလို ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းတွေ စျေးနှုန်းမြင့်တက်လာမှုနဲ့အတူ လိုသလောက် ဝယ်ယူမရတာတွေကြောင့် လုပ်ငန်းယာယီရပ်နားထားသူတွေ ရှိသလို အပြီးတိုင် ပိတ်သိမ်းလိုက်ရတာတွေလည်း ရှိတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013