
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၅ နှစ်ကျော်ကာလအတွင်း မြန်မာ့ဆောက်လုပ်ရေးကဏ္ဍမှာ မကြုံစဖူး အဘက်ဘက်က ဖိအားတွေကြောင့် အခုဆိုရင် စတင်ပြိုကျတဲ့ အနေအထားကို ရောက်နေပြီလို့ ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေက ပြောပါတယ်။
ကိုဗစ်ကပ်ဘေးကာလကတည်းက ယိုင်နဲ့နဲ့ဖြစ်နေတဲ့ ပုဂ္ဂလိကဆောက်လုပ်ရေးလောကဟာ အာဏာသိမ်းပြီးနောက် ဖြစ်လာတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေနဲ့ပေါင်းပြီး အဆိုးဆုံး အခြေအနေကို ရောက်လာနေတာပါ။
ဆောက်လုပ်ရေးလုပ်ငန်းရှင်တယောက်က “လုပ်သားရှားပါးတဲ့ ပြဿနာကလည်း တော်တော်ဆိုးပါတယ်။ ပြည်ပထွက်ကြတာတွေကြောင့် လုပ်သားရဖို့ခက်သလို ဈေးလည်း အရမ်းကြီးပါတယ်။ လုပ်သားတွေရဲ့ အရည်အသွေးနဲ့ ကျွမ်းကျင်အင်ဂျင်နီယာတွေ ရှာရတာလည်း အလွန်ခက်ခဲပါတယ်။ ပြောရမယ်ဆိုရင် တနိုင်ငံလုံးအတိုင်းအတာနဲ့ဆို လုပ်သားအင်အား သန်းနဲ့ချီပြီး ထိခိုက်နစ်နာသွားနိုင်တဲ့ အခြေအနေမှာ ရှိနေပါတယ်။ တွက်ချက်ထားရသလောက် လုပ်သား ၅ သန်းကနေ ၇ သန်းအထိ ထိခိုက်နိုင်ပြီး အလုပ်လက်မဲ့ ဖြစ်သွားနိုင်ပါတယ်” လို့ ပြောပါတယ်။
ဒီလိုဖြစ်ရတဲ့ အဓိကအကြောင်းရင်းတွေထဲမှာ နိုင်ငံခြားငွေကို လိုတာထက်ပိုပြီး တင်းကျပ်ထားမှုကနေ တည်ဆောက်ရေးနဲ့ ဘာမှမဆိုင်တဲ့လူတစုက ပြည်ပကနေ ဆောက်လုပ်ရေးပစ္စည်း သွင်းကုန်ပါမစ်တွေကိုယူပြီး ဈေးကွက်ကို ချုပ်ကိုင်ထားကြတာကလည်း အကြောင်းတခုဖြစ်ပါတယ်။
နောက်ဆက်တွဲအနေနဲ့ ပါမစ်တွေဟာ တကယ့်လက်တွေ့လုပ်မဲ့လူဆီမရောက်ဘဲ ကြားထဲမှာ ရောင်းစားခံရလို့ အရင်းအနှီးတွေပိုကြီးလာပြီး တကယ့်လုပ်ငန်းခွင်ထဲက ကန်ထရိုက်တာတွေ အကြီးအကျယ် နစ်နာနေရတယ်လို့လည်း ကန်ထရိုက်တာ နောက်တယောက်က ပြောပါတယ်။
“သံချောင်း တတန် အပြင်ကသွင်းရင် ၂၆ သိန်းလောက် ကျမယ်ဆိုပါတော့။ ပါမစ်ဈေးက သိန်း ၂၀ လောက် ဖြစ်နေတယ်၊ ၁၀ သိန်း ဖြစ်နေတယ်ဆိုရင် သူ့ရဲ့ အရင်းဈေးတင် ၃၅ သိန်းလောက် ဖြစ်နေပြီ။ သူ့အမြတ်ယူတာရော၊ ဘာရောဆိုရင် တတန်ကို သိန်း ၄၀၊ ၅၀၊ ၆၀ ဖြစ်သွားရော။ အရင်းတွေက ကြီးကုန်ရော။”
လက်ရှိမှာ အိမ်ခြံမြေတိုက်ခန်းဈေးကွက်ဟာ အရင်က ဈေးနှုန်းကြီးမြင့်နေခဲ့ပေမဲ့ မြေနဲ့ပတ်သက်တဲ့ အခွန်ဆိုင်ရာဖိအားတွေနဲ့ ပေါင်းစည်းသွားပြီးနောက် အရောင်းအဝယ်ရပ်တန့်သွားသလို အမြန်ပြန်ထုတ်ကြသူအချို့ကြောင့် ဈေးပြိုဆင်းပြီး ရောင်းသူများ၊ ဝယ်သူနည်းတဲ့ အခြေအနေမှာ ရှိနေတယ်လို့ နောက်ထက် ကန်ထရိုက်တာတယောက်ကလည်း ပြောပါတယ်။
“အခုအချိန်က တချိန်တည်း တပြိုင်တည်းမှာ အခက်အခဲတွေက ပြုံပြီးကျနေသလို ဖြစ်နေတယ်။ အီရန် အမေရိကန် စစ်ဖြစ်တယ်။ ဆီဈေးတက်တယ်။ ငလျင်ကြီး ဖြစ်တယ်။ ရေကြီးရေလျှံတာတွေ ဖြစ်တယ်။ နောက် စီမံခန့်ခွဲမှုတွေ တင်းကျပ်ပစ်တယ်။ ဆောက်လုပ်ရေးပစ္စည်းဈေးတွေ တက်တယ်။ ဥပဒေတွေ ထွက်လာတယ်။ အလုပ်သမားရှားပါးတယ်။ သွင်းကုန်ပစ္စည်းတွေ ခက်လာတယ်။ အခွန်အခတွေက အရမ်းကိုကြီးမြင့်လာတယ်။ ခွင့်ပြုချက်တွေလည်း မျိုးစုံတောင်းရတယ်။ ဘက်ပေါင်းစုံအခက်အခဲတွေ ပြုံတိုးလာတယ်” လို့ သူက လက်ရှိအခြေအနေကို ရှင်းပြပါတယ်။
ပုဂ္ဂလိကပိုင်းအပြင် ဌာနဆိုင်ရာတည်ဆောက်ရေးဘက်မှာဆိုရင်လည်း အခက်အခဲတွေ အများကြီးရှိနေပြီး သတ်မှတ်ထားတဲ့ ယခင်နှစ်၊ ယခုနှစ် ဈေးနှုန်းကွာခြားသွားတာ၊ ငွေကြေးဖောင်းပွမှု၊ သွင်းကုန်ပါမစ် ခက်ခဲမှု၊ ပစ္စည်းရှားပါးမှုတွေနဲ့ တော်တော်လေး ရုန်းကန်နေရပြီး အလုပ်အပ်သူနဲ့ ကန်ထရိုက်တာကြားမှာ ညှိနှိုင်းလို့ အဆင်မပြေလို့ အမှုအခင်းတွေ ဖြစ်တာ၊ ကန်ထရိုက်တာတွေ ထွက်ပြေးရတာတွေအထိ ဖြစ်လာနေတယ်လို့လည်း ဆက်ပြောပါတယ်။
ကန်ထရိုက်တာ တယောက်က “တချို့ဆို ကြိုပွိုင့်တွေ ရောင်းထားကြတဲ့ အခန်းမအပ်နိုင်ကြဘူး။ ခု ဘာဖြစ်နေလဲဆိုရင် ဘဏ်ကြွေးတွေ ခဏထားအုံး။ ဘဏ်တိုးတောင် မဆပ်နိုင်ကြသူတွေ များနေကြပြီ” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့လက နေပြည်တော်အပါအဝင် ရန်ကုန်နဲ့ မြို့ကြီးတချို့မှာ အိမ်ခြံမြေအရောင်းအဝယ် အကြီးစားလုပ်ကိုင်နေတဲ့သူတွေနဲ့ အကျိုးဆောင်တွေကို စစ်အာဏာရှင်ဘက်က ခေါ်ယူ စစ်ဆေးခဲ့တာကြောင့် အိမ်ခြံမြေနဲ့ တိုက်ခန်းဈေးကွက်ဟာ အရင်လို အရောင်းအဝယ်မဖြစ်တော့ဘဲ ဈေးကွက်က တဖြည်းဖြည်း အေးစက်သွားခဲ့ပါတယ်။











