
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်း ဦးဆောင်တဲ့ ပါတီအစည်းအဝေးမှာ စစ်ရေးအင်အား တိုးမြှင့်ရေးကိစ္စ ဆွေးနွေးခဲ့ပြီး အမြောက်တပ် စစ်ရေးလေ့ကျင့်မှုကို ကြည့်ရှုစစ် ဆေးခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာ KCNA က မေ ၃၀ ရက်မှာ ဖော်ပြခဲ့ပြီး သက်ဆိုင်ရာ ဓာတ်ပုံတွေကိုလည်း ထုတ်ပြန်ခဲ့ပါတယ်။
ပါတီအစည်းအဝေးကို မေ ၂၈ ရက်မှာ ပြုလုပ်ခဲ့ပြီး မေ ၂၉ ရက်မှာ ကင်မ်ဂျုံအန်းဟာ အမြောက်လေ့ကျင့်မှုကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း KCNA က ပြောကြားခဲ့ပါတယ်။
ကိုရီးယားအလုပ်သမားပါတီရဲ့ ၈ ကြိမ်မြောက် ဗဟိုစစ်ကော်မရှင် တိုးချဲ့အစည်းအဝေးမှာ ကင်မ်ဂျုံအန်းက “စစ်တပ်တည်ဆောက်ရေးနဲ့ စစ်ရေးလှုပ်ရှားမှုတွေအတွင်း တွေ့ကြုံလာတဲ့ ပြဿနာ အားလုံးကို ဖြေရှင်းနိုင်ဖို့ ဗဟိုခေါင်းဆောင်ပိုင်းမှ ချမှတ်ထားတဲ့ လုပ်ဆောင်ချက်တွေကို တာဝန်ယူဆောင်ရွက်နေတဲ့ ပါတီအဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍတွေကို အားကောင်းအောင် လုပ်ရမယ်”လို့ အလေးပေးပြောပါတယ်။
စွမ်းရည်မြင့်တဲ့ စစ်တပ်အင်အား တည်ဆောက်ဖို့ တကယ့်စစ်ပွဲအစစ် ပတ်ဝန်းကျင်လိုမျိုး နီးစပ်တဲ့ အပစ်အခတ်ပြိုင်ပွဲတွေကို မကြာခဏ စီစဉ်ဆောင်ရွက်ဖို့က အလွန်အရေးကြီးကြောင်း ကင်မ်က ပြောပါတယ်။
ဒါဟာ လွန်ခဲ့တဲ့သီတင်းပတ်တွေအတွင်း စစ်တပ်အင်အား ခိုင်မာတောင့်တင်းရေးအတွက် ဦးတည်လုပ်ဆောင်ခဲ့တဲ့ ကင်မ်ဂျုံအန်းရဲ့ ဆက်တိုက်လုပ်ဆောင်ချက်တွေထဲမှာ နောက်ဆုံး လှုပ်ရှားမှု ဖြစ်ကြောင်း KCNA က ဖော်ပြပါတယ်။
Source:Reuters