
ပါလက်စတိုင်းနိုင်ငံသား ကုလသံတမန်တယောက်ဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေးမှာ ဂါဇာစစ်ပွဲအတွင်း ကလေးတွေသေဆုံးခဲ့တာနဲ့ ပတ်သက်လို့ ပြန်ရေတွက် ပြောကြားရင်း ဝမ်းနည်းပြီး ငိုကြွေးခဲ့ပါတယ်။
မေ ၂၈ ရက်က ပြုလုပ်ခဲ့တဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေးမှာ ကုလသမဂ္ဂ ပါလက်စတိုင်းကိုယ်စားလှယ် ရီယက်မန်ဆွာဟာ ဂါဇာစစ်ပွဲမှာ ကလေးတွေ သေဆုံးခဲ့တဲ့အကြောင်း ပြောကြားချိန်မှာ မခံမရပ်နိုင်ဖြစ်ပြီး ငိုကြွေးခဲ့တာဖြစ်ပါတယ်။
မန်ဆွာရဲ့ ပြောပြချက်ထဲမှာ ကလေး ၁၀ ယောက်ရှိတဲ့ ပါလက်စတိုင်း ဒေါက်တာ အလာအယ်နာဂျာဟာ ကလေး ၉ ယောက် ဆုံးရှုံးခဲ့တဲ့အကြောင်း ပါဝင်ပါတယ်။
ဒေါက်တာ တာဝန်ထမ်းဆောင်တဲ့ ဆေးရုံကို လောင်ကျွမ်းဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ ကလေးတွေ ရောက်လာခဲ့တဲ့အကြောင်း ဖြစ်ပါတယ်။
“ထိတ်လန့် ကြေကွဲစရာတွေနဲ့ တွေ့တဲ့အချိန် စိတ်က ဘယ်လိုမှ နားလည်နိုင်ဖို့ မလွယ်ပါဘူး။ ဒါမျိုးကို နှလုံးက မတွန်းလှန်နိုင်ပါဘူး” လို့ မန်ဆွာက ပြောပါတယ်။
“ဒါဇင်နဲ့ချီတဲ့ ကလေးတွေကလည်း ငတ်မွတ်မှုကြောင့် သေဆုံးနေပါတယ်။ ကလေးတွေရဲ့ လှုပ်ရှားမှုမရှိတဲ့ ခန္ဓာကိုယ်ကို မိခင်တွေက ပွေ့ဖက်မှုတွေ၊ တောင်းပန်နေမှုတွေက မခံစားနိုင်တဲ့ မြင်ကွင်းတွေပါပဲ” လို့ မန်ဆွာက အစည်းအဝေးမှာ ပြောကြားပြီး ဝမ်းနည်းစွာ ငိုကြွေးခဲ့တာပါ။
မတ်လ အပစ်အခတ်ရပ်စဲမှု အဆုံးသတ်ပြီးနောက်ပိုင်း အစ္စရေးရဲ့ ထိုးစစ်ကြောင့် ဂါဇာမှာ ပါလက်စတိုင်း ကလေး ၁,၃၀၀ ကျော် သေဆုံးခဲ့ပြီး ၄,၀၀၀ ခန့် ဒဏ်ရာရခဲ့တယ်လို့ မန်ဆွာက ပြောထားပါတယ်။
Source: Reuters