
တနင်္သာရီတိုင်း၊ မြိတ်မြို့မှာ မေလအတွင်း စစ်ကောင်စီလက်အောက်ခံ ယာဥ်ထိန်းရဲတွေက ဆိုင်ကယ်ဖမ်းဆီးမှုတွေ ပိုမိုလုပ်ဆောင်လာတယ်လို့ မြို့ခံတွေက ပြောပါတယ်။
မြိတ်မြို့ရဲ့ လမ်းဆုံလမ်းခွတွေ၊ အသွားအလာများတဲ့ လမ်းမကြီးတွေရဲ့ အနီးတဝိုက်မှာ ပွိုင့် အနည်းဆုံး ၃ ခုလောက်ချပြီး ဖမ်းဆီးနေတယ်လို့ ဆိုင်ကယ်ဖမ်းဆီးခံရတဲ့သူတွေက ပြောပါတယ်။
ဆိုင်ကယ်ဖမ်းဆီးရာမှာလည်း ဆိုင်ကယ်ဦးထုပ်မပါရင် အနည်းဆုံး ဒဏ်ငွေ ၅၀,၀၀၀ ပေးဆောင်ရပြီး မတ်လကပေးဆောင်ရတဲ့ ဒဏ်ငွေထက် ၂၀,၀၀၀ ပိုတိုးလာတယ်လို့ ဆိုင်ကယ်ဖမ်းဆီးခံရသူတွေက ပြောပါတယ်။
ဒါ့အပြင် ဆိုင်ကယ်ဖမ်းဆီးရာမှာ မောင်းပြေးတဲ့သူကိုလည်း ယာဥ်ထိန်းရဲတွေက ထိုးနှက်ပြီး ခေါ်ဆောင်သွားတဲ့ ဖြစ်စဥ်တွေလည်း ရှိခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
အသက် ၃၀ ဝန်းကျင်အရွယ် မြို့ခံတယောက်က “မြို့သစ်ကျောင်းရှေ့မှာ ဆိုင်ကယ်ဖမ်းနေချိန် Click i အမျိုးအစား ဆိုင်ကယ်တစီး မောင်းပြေးတော့ လမ်းချော်ပြီး မှောက်သွားတာ။ မှောက်သွားတဲ့သူကို ယာဥ်ထိန်းရဲတွေက ထိုးပြီး ခေါ်ဆောင်သွားတယ်။ ဆိုင်ကယ်ဖမ်းတာကြောင့် ယာဥ်တိုက်မှုတွေလည်း မေလအတွင်းမှာ ထပ်ရှိသေးတယ်” လို့ ပြောပါတယ်။
အခုလို ဆိုင်ကယ်ဖမ်းဆီးရာမှာ ယာဥ်ထိန်းရဲ ၆ ယောက်နဲ့ နေ့စားခ ၂၀,၀၀၀ နဲ့ ငှားထားသူ ၁၀ ယောက်ဝန်းကျင်တို့က တပတ်မှာ ၄ ရက်လောက် ဖမ်းဆီးပြီး မနက်ပိုင်းဝန်းကျင်တွေမှာ ဖမ်းဆီးမှုတွေ ပိုမိုလုပ်ဆောင်လာတယ်လို့ မြို့ခံတွေက ပြောပါတယ်။