
ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်ဟာ ဗီယက်နမ်ခေါင်းဆောင် တိုလမ်နဲ့ ဟနွိုင်းမြို့မှာ မေ ၂၆ ရက်က တွေ့ဆုံခဲ့ပြီး အမေရိကန်ဒေါ်လာ ၁၀ ဘီလီကျော်ဖိုး ကန်ထရိုက်စာချုပ်တွေ သဘောတူ လက်မှတ်ထိုးခဲ့ပါတယ်။
အမေရိကန်ရဲ့ ထပ်ဆောင်းခွန် ဘေးအန္တရာယ်တွေကြားမှာ ကိုလိုနီဟောင်း ဗီယက်နမ်နိုင်ငံ အတွင်း ပြင်သစ်ရဲ့ ဩဇာကို တိုးမြှင့်ဖို့ ကြိုးစားနေတယ်လို့ မီဒီယာတွေက သုံးသပ်ပါတယ်။
ဆယ်စုနှစ်တခုအတွင်း ပြင်သစ်သမ္မတ တယောက်ရဲ့ ပထမဆုံး ဗီယက်နမ်ခရီးစဉ်အတွင်း ၂ နိုင်ငံကြား အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၂၅ ဘီလီယံတန် ကန်ထရိုက်စာချုပ်တွေကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
ခရီးစဉ်မတိုင်ခင်က ပြင်ဆင်ထားတဲ့ ဒါဇင်ချီတဲ့ အပေးအယူ အစီအစဉ်တွေထဲက စုစုပေါင်း ၁၄ ခုကို လက်မှတ်ရေးထိုးနိုင်ခဲ့တယ်လို့ ပြင်သစ်သမ္မတနန်းတော်က ပြောပါတယ်။
ပိုများတဲ့ သဘောတူညီချက်တွေကို မေ ၂၇ ရက်မှာ ကြေညာနိုင်ဖို့ မျှော်လင့်ထားတယ်လို့ အရာရှိတယောက်က ပြောပါတယ်။
မြောက်ဗီယက်နမ်မှာ ၁၉၅၄ ခုနှစ်က အကြီးစားရှုံးနိမ့်မှု မတိုင်ခင် ပြင်သစ်ဟာ ဗီယက်နမ်နိုင်ငံကို နှစ် ၇၀ လောက် အုပ်ချုပ်ခဲ့ဖူးပါတယ်။
လတ်တလော ဆယ်စုနှစ်တွေအတွင်း ဆက်ဆံရေး တိုးတက်လာပြီး မနှစ်ကတော့ ဗီယက်နမ်ရဲ့ အမြင့်ဆုံးအဆင့်ထိ လှမ်းတက်နိုင်ခဲ့ပါတယ်။
Source: Reuters