DVB Logo
Home
မြန်မာသတင်း
ကိုးကန့်အထူးဒေသ ၁ တွင် စာသင်ပေးရန် CDM ဆရာ၊ ဆရာမများကို ခေါ်ယူ
DVB
·
May 26, 2025
ကိုးကန့်အထူးဒေသ ၁ တွင် စာသင်ပေးရန် CDM ဆရာ၊ ဆရာမများကို ခေါ်ယူ
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့် (MNDAA) ထိန်းချုပ် အထူးဒေသ ၁ က စာသင်ကျောင်းတွေအတွက် CDM ဆရာ၊ ဆရာမတွေ လာရောက်လျှောက်ထားနိုင်တယ်လို့ MNDAA ဘက်က ထုတ်ပြန်ထားပါတယ်။

လာမယ့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် အထူးဒေသ ၁ ထဲက အခြေခံပညာ စာသင်ကျောင်းပေါင်း ၂၀ ကျော်အတွက် ခေါ်ယူနေတာဖြစ်ပြီးတော့ CDM ဆရာ၊ ဆရာမတွေအနေနဲ့ https://www.surveyheart.com/form/681f04f3f061e226ef143cf4 မှာ တိုက်ရိုက် ဝင်ရောက်လျှောက်ထားနိုင်တယ်လို့လည်း ဆိုပါတယ်။

MNDAA သတင်းအရင်းအမြစ်က “အခုအခြေအနေအရကတော့ လေကြောင်းအန္တရာယ်က အထူးဒေသ ၁ ထဲမှာ မဖြစ်နိုင်ဘူး။ ကျောင်းပေါင်း ၂၀ လောက်ဖွင့်ဖို့ စီစဉ်ထားတာဗျ။ CDM ဘယ်နှဦးကို ခန့်မလဲဆိုတာတော့ မသိရဘူးဗျ။ လျှောက်လွှာတင်ပြီး လျှောက်လို့ရတယ်ဗျ။ အရင်ကတည်းက ခန့်ထားတဲ့ CDM ဆရာ၊ ဆရာမတွေ ရှိပါတယ်။ ဘယ်နှဦးရှိတယ် ဆိုတာတော့ ပြောလို့မရသေးလို့ပါ။ ဘယ်နေရာကမဆို CDM လုပ်ထားသူတွေ လာလျှောက်လို့ရပါတယ်” လို့ DVB ကို ပြောပါတယ်။

MNDAA သတ်မှတ်ထားတဲ့ အထူးဒေသ ၁ ဆိုတာဟာ လားရှိုးမြို့ ၁၂ ရပ်ကွက်ကလွဲလို့ ပတ်ဝန်းကျင်က ကျေးရွာတွေ၊ သိန္နီခရိုင်နဲ့ ကွတ်ခိုင်ထဲက ဒေသတချို့ ပါဝင်တာဖြစ်ပါတယ်။

အခုပြန်ဖွင့်ဖို့ ရည်ရွယ်ထားတဲ့ ကျောင်းတွေဟာ သိန္နီခရိုင်ထဲကကျောင်းတွေ ဖြစ်ပြီးတော့ အထက်တန်းက ၉ ကျောင်း၊ မူလတန်း ၂ ကျောင်းနဲ့ အလယ်တန်း ၄ ကျောင်း ဖွင့်လှစ်ဖို့ အတည်ပြုထားပြီး ကျန်တဲ့ကျောင်းတွေကိုတော့ ထပ်တိုးဖွင့်သွားမှာလို့ ဆိုပါတယ်။

အထူးဒေသ ၁ ထဲမှာ ပြီးခဲ့တဲ့ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်ကစလို့ ကျောင်းနေအရွယ် ကလေးတွေအားလုံး ပညာသင်ယူနိုင်ဖို့ဆိုပြီး လားရှိုးမြို့တွင်းကကျောင်းတွေ အပါအဝင် အခြေခံပညာကျောင်း ၂၂ ကျောင်း ဖွင့်လှစ်ခဲ့ပေးခဲ့တယ်လို့ သိရပါတယ်။

လာမယ့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်မှာတော့ လားရှိုးမြို့တွင်းက ကျောင်းတွေကလွဲပြီး အခြေခံပညာကျောင်းတွေ ထပ်မံတိုးချဲ့ဖွင့်လှစ်မှာဖြစ်လို့ အခြေခံပညာကျောင်းတွေကနေ CDM လုပ်ထားသူတွေ၊ တက္ကသိုလ်တခုခုက ဘွဲ့ရရှိသူတွေနဲ့ CDM ပြုလုပ်ထားတဲ့ တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူတွေ လျှောက်ထားနိုင်တယ်လို့ ဆိုပါတယ်။

လားရှိုးမြို့အနီးက ကျောင်းသားမိဘတယောက်က “အခမဲ့ ကျောင်းအပ်လက်ခံတာလား၊ ဘယ်နေ့ကျောင်းဖွင့်မယ် ဆိုတာတွေတော့ မသိရသေးဘူး။ ပြီးခဲ့တဲ့နှစ်ကတော့ အခမဲ့ ကျောင်းအပ်လက်ခံပေးခဲ့တာ။ ကြားတာက ပြီးခဲ့တဲ့နှစ်ကဖွင့်တဲ့ ၂၂ ကျောင်းအပြင် ထပ်တိုးတာလို့ သိရတယ်။ လောလောဆယ်ကတော့ ၁၂ ကျောင်းလောက်ကတော့ အတိတကျ ဖြစ်တယ်လို့ သိရတယ်” လို့ DVB ကို ပြောပါတယ်။

အဲဒီကျောင်းတွေမှာ စစ်ကောင်စီကျောင်းတွေရဲ့ သင်ရိုးညွှန်းတန်းနဲ့ သင်ကြားမှာမဟုတ်ဘဲ စနစ်သစ်ဖြစ်တဲ့ KG+12 သင်ရိုးညွှန်းတန်းနဲ့ သင်ကြားမှာဖြစ်ပြီးတော့ ဘယ်တိုင်းရင်းသားမဆို တက်ရောက် ပညာသင်ယူနိုင်တယ်လို့လည်း ဆိုပါတယ်။

စစ်ကောင်စီကလည်း လားရှိုးမြို့ပေါ်က စာသင်ကျောင်းတွေ ပြန်ဖွင့်မှာကြောင့် မေ ၂၂ ရက်ကစပြီး ကျောင်းသား၊ ကျောင်းသူတွေကို စတင်လက်ခံနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

လားရှိုးမြို့‌ပေါ်က စာသင်ကျောင်းတွေကို လာမယ့် ဇွန် ၁ ရက်မှာ စတင်ဖွင့်လှစ်သွားမှာဖြစ်ပြီး အခမဲ့ ကျောင်းအပ်လက်ခံနေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013