
သမီးဖြစ်သူ နူရူလ် အစ်ဇား အန်ဝါ အာဏာရပါတီတွင်း နံပါတ် ၂ နေရာ ရောက်လာခဲ့တာဟာ ဆွေမျိုးသားချင်းကောင်းစားရေးဝါဒရဲ့ ရလဒ်ဖြစ်တယ်ဆိုတဲ့ ဝေဖန်မှုတွေကို မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်မ်က ပယ်ချလိုက်ပြီး သူ့အရည်အချင်းနဲ့သူ တက်လာတာလို့ ချေပခဲ့ပါတယ်။
နူရူလ်အစ်ဇာဟာ လွှတ်တော်အမတ်သက်တမ်း ၃ ကြိမ်အထိ တာဝန်ယူခဲ့ပြီးဖြစ်သလို ဖခင်ဖြစ်သူ အဖမ်းခံရပြီးတဲ့နောက် ‘ရီဖော်မာဆီ’ လို့ခေါ်တဲ့ ပြုပြင်ပြောင်းလဲရေးလှုပ်ရှားမှုကို ဦးဆောင်ခဲ့သူ ဖြစ်ပါတယ်။ အမျိုးသမီးရေးနဲ့ လူမှုရေးလှုပ်ရှားမှု အများအပြားကိုလည်း ဦးဆောင်နေသူ ဖြစ်ပါတယ်။
အသက် ၄၄ နှစ်ပဲရှိသေးတဲ့ နူရူလ် အစ်ဇားဟာ အာဏာရ PRK ပါတီတွင်း ရွေးကောက်ပွဲမှာ စီးပွားရေးဝန်ကြီး ရာဖီဇီ ရမ်လီကို ၉,၈၀၃ မဲ၊ ၃,၈၆၆ မဲနဲ့ အပြတ်အသတ် အနိုင်ရခဲ့ပြီး ဒုဥက္ကဋ္ဌ ဖြစ်လာခဲ့တာပါ။
၁၉၉၉ ခုနှစ်တုန်းက ဒုတိယဝန်ကြီးချုပ် နေရာကနေ ဖယ်ရှားခံရပြီး ထောင်ကျခဲ့စဉ်က ဇနီးသည်ကို ပါတီဥက္ကဋ္ဌနေရာထားဖို့ ရွေးပေးခဲ့တုန်းကလည်း ဝေဖန်ခံခဲ့ရဖူးတယ်လို့ ဝန်ကြီးချုပ် အန်ဝါက ပြောပါတယ်။
“လူတွေက ကျုပ်မိန်းမတွေ ကလေးတွေကို ဦးစားပေးတယ်လို့ ဝေဖန်ကြတယ်။ ဒါပေမဲ့ ကျုပ်တို့ ပါတီစထောင်တုန်းက ညီလာခံတွေ ဘာတွေလည်း မရှိဘူး၊ အဲဒီတော့ ကျုပ်ထောင်ကျတဲ့အခါ ဒီမီးရှူးတိုင်ကို ဘယ်သူ့သွားလက်ဆင့်ကမ်းသင့်သလဲ” လို့ ဝန်ကြီးချုပ်က ထောက်ပြပါတယ်။
အလှူငွေဆိုတာလည်း ဘာမှမရှိသလို အဲဒီတုန်းက ပါတီက သေးတော့ အောက်ခြေက စရွေးဖို့ဆိုတာ မဖြစ်နိုင်ခဲ့ဖူးလို့ ဖြေရှင်းပါတယ်။
အခု သမီးဖြစ်သူ ဖြစ်စဉ်ကတော့ တူညီမှုမရှိဘဲ ပါတီဝင်တွေကိုယ်တိုင်က ရွေးချယ်ခဲ့တာလို့ အန်ဝါက ဖြေရှင်းခဲ့ပါတယ်။
Source: Reuters