
အသင်းပိုင်ရှင်ကို ဝေဖန်ခဲ့တဲ့ အင်္ဂလန်နောက်ခံလူဟောင်း ဂယ်ရီနဗီးလ်ကို နော်တင်ဟမ်အသင်းက ကွင်းထဲဝင်ခွင့် ပိတ်ပင်ခဲ့ပါတယ်။
နော်တင်ဟမ်အသင်းဟာ ပရီးမီးယားလိဂ် နောက်ဆုံးပွဲစဉ်မှာ ချဲလ်ဆီးအသင်းနဲ့ အိမ်ကွင်းမှာ ရင်ဆိုင်သွားရမှာပါ။
အဲဒီပွဲစဉ်မှာ စကိုင်းစပေါ့ရုပ်သံရဲ့ သုံးသပ်တင်ဆက်သူ နဗီးလ်က တာဝန်ယူ တင်ဆက်သွားဖို့ ရှိပေမဲ့ နော်တင်ဟမ်အသင်းက ကွင်းထဲဝင်ခွင့်မပြုကြောင်း စကိုင်းစပေါ့ကနေတဆင့် အသိပေးသွားခဲ့တာပါ။
နော်တင်ဟမ်က လက်စတာနဲ့ ၂ ဂိုးစီ သရေကျတဲ့ပွဲစဉ်မှာ အသင်းပိုင်ရှင်က ကွင်းထဲဝင်လာပြီး နည်းပြ နူနိုဆန်းတို့စ်နဲ့ စကားပြောခဲ့တဲ့အပေါ် နဗီးလ်က ဝေဖန်ခဲ့ပြီး နည်းပြ နူနိုအနေနဲ့ ရာထူးကနေ နုတ်ထွက်စာတင်သင့်ကြောင်း နဗီးလ်က တိုက်တွန်းခဲ့တာပါ။
ဘောလုံးဝေဖန်သုံးသပ်သူ လုပ်ဆောင်ခဲ့တဲ့ ၁၄ နှစ်တာကာလအတွင်းမှာ အခုလို အရေးယူမှုမျိုး မတွေ့ကြုံဘူးကြောင်းနဲ့ နော်တင်ဟမ်ရဲ့ ဆုံးဖြတ်ချက်အပေါ် စိတ်ပျက်မိကြောင်း၊ မိမိကို ကွင်းထဲဝင်ခွင့် ပိတ်ပင်ထားပေမဲ့ လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိပါစေကြောင်း နဗီးလ်က ပြောသွားပါတယ်။