
ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ အာဆင်နယ်အမျိုးသမီးအသင်းက ဘာစီလိုနာ အမျိုးသမီးအသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရပြီး ချန်ပီယံဆုဖလား ရယူသွားပါတယ်။
ဘာစီလိုနာအမျိုးသမီးအသင်းဟာ နောက်ဆုံး ပြိုင်ပွဲ ၄ ကြိမ်မှာ ၃ ကြိမ် ချန်ပီယံဖြစ်ခဲ့တဲ့အသင်း ဖြစ်ပြီး အာဆင်နယ်အသင်းက အံ့အားသင့်ဖွယ် ကျော်ဖြတ်နိုင်ခဲ့တာပါ။
အာဆင်နယ်အမျိုးသမီးအသင်းဟာ ၁၈ နှစ်အတွင်းမှာ ပထမဆုံးအကြိမ် ချန်ပီယံလိဂ်ဆုဖလား ရယူနိုင်ခဲ့တာဖြစ်ပြီး စုစုပေါင်း ၂ ကြိမ်မြောက် ချန်ပီယံလိဂ် ဆုဖလားရယူနိုင်ခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ ကွာတားဖိုင်နယ်နဲ့ ဆီမီးဖိုင်နယ်အဆင့်တွေမှာလည်း နာမည်ကြီး ရီးရဲလ်မက်ဒရစ်နဲ့ လိုင်ယွန်အသင်းတွေကို ဒုတိယအကျော့ ပွဲစဉ်တွေရောက်မှ နိုင်ပွဲတွေရယူပြီး ဗိုလ်လုပွဲ တက်ရောက်လာခဲ့တာပါ။
အင်္ဂလန်ကလပ်တွေထဲမှာ အာဆင်နယ်အမျိုးသမီးအသင်းကပဲ ချန်ပီယံလိဂ်ဆုဖလား ရယူဖူးတာ ဖြစ်ပြီး အခုနှစ်ပြိုင်ပွဲမှာ နောက်ထပ် ချန်ပီယံလိဂ်ဆုဖလားတလုံး ထပ်မံရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။