DVB Logo
Home
ဆောင်းပါး
တနေ့ တမျိုး မရိုးရတဲ့ ထရမ့်ပ်
DVB
·
May 25, 2025
တနေ့ တမျိုး မရိုးရတဲ့ ထရမ့်ပ်
Donate to DVB

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်အကြောင်းတွေက တနေ့တမျိုး မရိုးနိုင်တဲ့ အကြောင်းအရာတွေပါ။ အံ့ဩစရာကောင်းသလို ကိုယ်တွေအဖို့ နားလည်ရခက်တဲ့ ကိစ္စတွေလည်း ဖြစ်တယ်။

ဟိုးတရက်က (Oval office) သမ္မတရုံးခန်းထဲမှာ တောင်အာဖရိကသမ္မတ ဆိုင်ရီလ်ရာမာဖိုဆာနဲ့ ဒေါ်နယ်ထရမ့်ပ်တို့ အခြေအတင် ဖြစ်ကြတယ်။ ဒီရုံးခန်းထဲမှာပဲ ယူကရိန်းသမ္မတ ဇလန်းစကီးနဲ့ အပြန်အလှန် ငြင်းခုံစကားများခဲ့ကြပြီးပြီ။ ခုလည်း တောင်အာဖရိကသမ္မတ ရာမာဖိုဆာနဲ့ ဖြစ်ပြန်ပြီ။ သူတို့မီဒီယာတွေကတော့ Ambush လုပ်တယ်လို့ ခေါင်းတပ်ကြတယ်။ "Oval office မှာ ထရမ့်ပ်ရဲ့ ချုံခိုတိုက်ခိုက်ခြင်း ခံလိုက်ရတဲ့ တောင်အာဖရိကသမ္မတ"။

ခေါင်းဆောင်နှစ်ဦး အစောပိုင်းမှာ စကားတွေအကောင်းပြောနေရာက ထရမ့်ပ်က တောင်အာဖရိကမှာ လူဖြူတွေကို လူမည်းတွေက လူမျိုးတုံး သတ်ဖြတ်နေပါတယ်ဆိုပြီး ဗီဒီယိုဖိုင်တခု ဖွင့်ပြ။ စာရွက်စာတမ်း ဓာတ်ပုံအထောက်အထားတွေနဲ့ ပြသတာတွေ လုပ်တယ်။ ရာမာဖိုဆာကတော့ သူတို့တောင်အာဖရိကမှာ လူဖြူလယ်သမားတွေချည်း သတ်ဖြတ်ခံနေရတာ မဟုတ်ဘူး။ လူမည်းတွေလည်း သတ်ဖြတ်ခံနေရတာပဲ။ လူမျိုးတုံး သတ်ဖြတ်မှု မရှိပါဘူးလို့ ငြင်းတယ်။ အမှန်တကယ်တော့လည်း ဒေါ်နယ်ထရမ့်ပ် ထုတ်ပြတဲ့ ဓာတ်ပုံတွေက တောင်အာဖရိကမှာ ဖြစ်ခဲ့တာမဟုတ်ဘဲ ရိုက်တာသတင်းဌာနက ရိုက်ကူးထားတဲ့ ကွန်ဂိုနိုင်ငံက ပုံတွေ ဖြစ်နေတယ်။ ဓာတ်ပုံထဲမှာ လက်ဝါးကပ်တိုင်တွေ အများကြီးပါတဲ့ သင်္ချိုင်းတခုကိုပြပြီး ဒါဟာ သုတ်သင်ခံရတဲ့ လူဖြူတွေရဲ့ မြေစာပုံတွေဖြစ်တယ်လို့ ဆိုတယ်။ ထရမ့်ပ်ထုတ်ပြခဲ့တဲ့ ဗွီဒီယိုနဲ့ ဓာတ်ပုံတွေက တလွဲတွေပါ။ ဒါပေမဲ့ သူက တောင်အာဖရိကဟာ လူဖြူတွေကို လူမျိုးတုံးသတ်ဖြတ်ဖို့ကြိုးစားနေတယ်လို့ စွပ်စွဲပြီး နှစ်နိုင်ငံကြားဆွေးနွေးမယ့် စီးပွားရေးကိစ္စလည်း ပျက်သွားတယ်။ ထရမ့်ပ်ဟာ သူ့နိုင်ငံထဲက နိုင်ငံခြားသားတွေကို နှင်ထုတ်နေပေမဲ့ တောင်အာဖရိက လူဖြူတွေကိုတော့ အမေရိကန်မှာ ခိုလှုံခွင့်ပြုခဲ့တယ်။

ဒီအဖြစ်အပျက် ဖြစ်ခဲ့ပြီး မကြာမီမှာပဲ ဟားဗတ်တက္ကသိုလ်မှာ နိုင်ငံခြားသားကျောင်းသားတွေကို ကျောင်းဝင်ခွင့် မပေးတော့ဘူးဆိုပြီး အမိန့်တခု ထုတ်လိုက်ပြန်တယ်။ ဟားဗတ်ရောက် နိုင်ငံခြားကျောင်းသားတွေဟာ ဂျူးဆန့်ကျင်ရေးနဲ့ အမေရိကန် ဆန့်ကျင်ရေးလှုံ့ဆော်မှုတွေ လုပ်ကြတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ပါ။ ထရမ့်ပ်ရဲ့ ဒီအမိန့်ကြောင့် ဟားဗတ်တက္ကသိုလ်မှာ ကျောင်းတက်နေကြတဲ့ သောင်းနဲ့ချီတဲ့ နိုင်ငံခြားကျောင်းသားတွေရော တက္ကသိုလ်တက်ဖို့ ကြိုးစားနေကြသူတွေအားလုံး အခက်အခဲတွေ့ကုန်တယ်။

အံ့ဩစရာတော့ ကောင်းလှတယ်။ “ဟားဗတ်” ဆိုတာ ကမ္ဘာကျော် ထိပ်တန်းအမေရိကန်တက္ကသိုလ် ဖြစ်သလို ကမ္ဘာအရပ်ရပ်က ခေါင်းဆောင်တွေကို မွေးထုတ်ပေးတဲ့ တက္ကသိုလ်လည်းဖြစ်တယ်။ ဒီနေ့ကမ္ဘာမှာ လက်ညိုးထိုးမလွဲ ထိပ်တန်း စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး၊ သိပ္ပံနဲ့ နည်းပညာနယ်ပယ်အသီးသီးမှာ အောင်မြင်နေကြသူများဟာ ဟားဗတ်ကျောင်းဆင်းတွေ ဖြစ်ကြတယ်။ ကနေဒါသမ္မတ မာ့ခ်ကာနေး၊ စင်ကာပူဝန်ကြီးချုပ် လောရင့်ဝေါင်း၊ ထိုင်ဝမ်သမ္မတ လိုင်ချင်းတီ၊ ဂရိဝန်ကြီးချုပ် မစ်ဆိုတာကစ်၊ အီကွေဒေါသမ္မတ ဒန်နီယယ် နိုဘိုအာ၊ အစရှိတဲ့ လက်ရှိတာဝန်ထမ်းဆောင်ဆဲ နိုင်ငံ့ခေါင်းဆောင်တွေဟာ ဟားဗတ်ကျောင်းဆင်းတွေပါ။ Harvard educated ဆိုပြီး ဂုဏ်ယူရတဲ့ တက္ကသိုလ်ကျောင်းကြီးဟာ ထရမ့်ပ်အမိန့်နဲ့ အမေရိကန်ကျောင်းသားသီးသန့် ဖြစ်သွားတယ်။ ဒီအမိန့်က အတည်တော့ မဖြစ်သေးပါဘူး။ တရားသူကြီးရဲ့ ယာယီတားမြစ်မိန့်နဲ့ ထရမ့်ပ်ရဲ့ အမိန့်ကို တားမြစ်ထားတယ်။ မည်သို့ပင်ဖြစ်စေ.. ကမ္ဘာကျော် ထိပ်တန်းတက္ကသိုလ်တခုရဲ့ ကျောင်းဝင်ခွင့်ကို ကန့်သတ်လိုက်တဲ့ ထရမ့်ပ်ရဲ့ အမိန့်ကတော့ ကိုယ်တွေအဖို့ ဘယ်လိုနားလည်ရမှန်း မသိနိုင်တော့တဲ့ ကိစ္စတခုပါ။

ဟော.. နောက်တခု လာပြန်ပါပြီ။

ဥရောပ သွင်းကုန်တွေအားလုံးကို အခွန် ၅၀ ရာခိုင်နှုန်းကောက်မယ်ဆိုပြီး သောကြာနေ့က ကြေညာလိုက်တာပါ။ အီးယူနဲ့ စကားပြောနေတာတွေဟာ တိုးတက်မှု ဘာမှမရှိတဲ့အတွက် လာမယ့် ဇွန် ၁ ရက်ကစပြီး အီးယူအပေါ် အခွန်တိုးကောက်ဖို့ ဆုံးဖြတ်လိုက်ပြီလို့ ဆိုတယ်။ တဆက်တည်းမှာပဲ ဥရောပကုမ္ပဏီတွေ အမေရိကန်မှာ လာပြီး ရင်းနှီးမြှုပ်နှံမယ်၊ စက်ရုံတည်မယ်ဆိုရင်တော့ အခွန်လုံးဝမကောက်ဘူးလို့ ဆိုတယ်။

ဥရောပနိုင်ငံတွေနဲ့ အမေရိကန်ကြား ကုန်သွယ်ရေးပမာဏက မနှစ်က ဒေါ်လာ ၆၀၀ ဘီလီယံ ရှိတယ်။ ဥရောပနိုင်ငံတွေက အမေရိကန်ကနေ သွင်းကုန်ပမာဏက ဒေါ်လာ ၃၇၀ ဘီလီယံ ရှိတယ်လို့ သိရတယ်။ ထရမ့်ပ်က ခုလို ၅၀ ရာခိုင်နှုန်း အခွန်တိုးကောက်တော့မယ်ဆိုတော့ ဥရောပ ၂၇  နိုင်ငံလည်း လှုပ်လှုပ်ရှားရှား ဖြစ်သွားတယ်။ ဒီကိစ္စ ညှိနှိုင်းအဖြေရှာကြမယ်။ တယောက်နဲ့ တယောက် အပြန်အလှန်လေးစားမှုနဲ့ ညှိနှိုင်းမယ်။ ခြိမ်းခြောက်တာမျိုးတော့ မလုပ်ပါနဲ့လို့ ဥရောပ ကုန်သွယ်ရေးကော်မရှင်နာ မာရို့စ် ဆက်ဖ်ကိုဗစ်က တောင်းဆိုရတယ်။

စိတ်ထဲ မထင်ရင် မထင်သလို ဆုံးဖြတ်ချက်ချတတ်၊ ပြုမူတတ်တဲ့ ထရမ့်ပ်က သွင်းကုန်ခွန်ကိစ္စနဲ့ ပတ်သက်ပြီး ခုတမျိုး တော်ကြာတမျိုး မကြာခဏ အပြောင်းအလဲလုပ် ကစားနေတာ တွေ့ရတယ်။

ဥရောပကုန်စည်တွေအပေါ် ပြီးခဲ့တဲ့လက ကုန်သွယ်ခွန် ၂၀ ရာခိုင်နှုန်း ကောက်မယ်လို့ ဆိုပြီး ဇူလိုင် ၅ ရက်အထိ ၁၀ ရာခိုင်နှုန်းပဲ ကောက်မယ်လို့ ပြောင်းလဲသတ်မှတ်ခဲ့တယ်။ တရုတ်နဲ့ ဖြစ်ကြတဲ့ကိစ္စမှာလည်း အစောပိုင်းက ၁၄၅ ရာခိုင်နှုန်း သတ်မှတ်ရာကနေ နှစ်ဖက် တွေ့ဆုံညှိနှိုင်းပြီးတဲ့အခါ ၁၁၀ ရာခိုင်နှုန်းကို ပြောင်းသွားတယ်။ ခုလည်း ဥရောပကို ဇွန်လ ၁ ရက်ကစပြီး ၅၀ ရာခိုင်နှုန်း တိုးကောက်မယ်ဆိုလာတယ်။

ဒါတင်လား ဆိုတော့ မဟုတ်သေးဘူး။ အမေရိကန်ကုမ္ပဏီ Apple ရဲ့ နာမည်ကျော် iPhone ကိုလည်း သွင်းကုန်ခွန် ၂၅ ရာခိုင်နှုန်း ကောက်မယ်လို့ ဆိုလိုက်ပြန်တယ်။ ဒီ အိုင်ဖုန်းတွေကို အမေရိကန်မှာ မထုတ်လုပ်သရွေ့ ခုလို အခွန်ကောက်သွားမယ်လို့ဆိုတယ်။ အစောပိုင်းတုန်းက အိုင်ဖုန်းတမျိုးတည်းကိုပဲ ၂၅ ရာခိုင်နှုန်း အခွန်တိုးကောက်မယ်ဆိုပေမဲ့ နောက်ပိုင်းမှာ ဆမ်ဆောင်း အပါအဝင် အမေရိကမှာ ထုတ်လုပ်တာမဟုတ်တဲ့ စမတ်ဖုန်းအားလုံးကို အခွန်တိုးကောက်မယ်လို့ ဆိုတယ်။

ထရမ့်ပ်က ပြီးခဲ့တဲ့လက Apple စီအီးအို တင်မ်ကွတ်နဲ့ တွေ့ခဲ့တယ်။ သူက Apple ရဲ့ ထုတ်ကုန်တွေအားလုံး တရုတ်နိုင်ငံကနေ အမေရိကန်ကို ပြန်ပြောင်းထုတ်လုပ်ဖို့ တိုက်တွန်းခဲ့တယ်။ တင်မ်ကွတ်က တရုတ်မှာ မထုတ်တော့ဘဲ အိန္ဒိယကို ပြောင်းရွှေ့ထုတ်လုပ်နေပြီလို့ ဆိုတဲ့အခါ ထရမ့်ပ်က လက်မခံဘူး။ သူက အမေရိကန်မှာပဲ ထုတ်စေချင်တယ်။ အိုင်ဖုန်းအပါအဝင် ပစ္စည်းအစိတ်အပိုင်းတွေကို အမေရိကန်ကို ပြောင်းရွှေ့ထုတ်လုပ်ဖို့ဆိုတာ လက်တွေ့မှာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ခုတော့ Apple ရဲ့ အိုင်ဖုန်းတင်မက Samsung အပါအဝင် တင်သွင်လာတဲ့ ဖုန်းအားလုံးအပေါ် အခွန် ၂၅ ရာခိုင်နှုန်း တိုးကောက်တော့မှာဖြစ်တယ်။

ဥရောပနိုင်ငံတွေရဲ့သွင်းကုန်အပေါ်  အခွန် ၅၀ ရာခိုင်နှုန်း  တိုးကောက်မယ့်သတင်းရယ်၊ Apple ကုမ္ပဏီကို အခွန် ၂၅ ရာခိုင်နှုန်း ကောက်ခံမယ်ဆိုတာကြောင့်ရယ် ဒီရက်အတွင်း စတော့ဈေးကွက် ရှယ်ယာတွေ ပြိုဆင်းသွားတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကတော့ တနေ့တမျိုး မရိုးရအောင် အကြောင်းအရာသစ်တွေ ဖန်တီးနေတယ်လို့ပဲ ဆိုရမယ်။

CWM

Sources: BBC/ Reuters / CNA

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013