DVB Logo
Home
နိုင်ငံတကာ
ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လတ်အား ဘတ်ငွေသန်းပေါင်း ၁၀,၀၂၈ ပေးဆောင်ရန် တရားရုံးချုပ် အမိန့်ချ
DVB
·
May 23, 2025
ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လတ်အား ဘတ်ငွေသန်းပေါင်း ၁၀,၀၂၈ ပေးဆောင်ရန် တရားရုံးချုပ် အမိန့်ချ
Donate to DVB

ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လတ်ရှင်နာဝပ်ကို နိုင်ငံတော်ဘဏ္ဍာငွေဆုံးရှုံးမှုနဲ့ ဘတ်သန်းပေါင်း ၁၀,၀၀၀ ကျော် ပေးလျော်ဖို့ ထိုင်းနိုင်ငံရဲ့ ဗဟိုတရားရုံးချုပ်က မေ ၂၂ ရက်မှာ အမိန့်ချမှတ်လိုက် ပါတယ်။

ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လတ်ဟာ  သူ့လက်ထက်မှာ ဆန်စပါးအမတော်ကြေးငွေတွေ လာဘ်စားမှု၊ နိုင်ငံခြားတင်ပို့ရောင်းချမှုမှာ အရှုံးပေါ်မှုတွေ ဖြစ်ခဲ့တာကြောင့် နိုင်ငံတော်ဘဏ္ဍာငွေ ဘတ်သန်းပေါင်း ၃၀,၀၀၀ ကျော် ဆုံးရှုံးမှု ဖြစ်ခဲ့တာပါ။

အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ထိုင်းဘဏ္ဍာရေးဝန်ကြီးဌာနက တရားလိုလုပ်ပြီး သူ့ကို တရားစွဲခဲ့တာမှာ တရားရုံးက သူ့ကို အောက်ခြေက မသမာမှုတွေကို မျက်ကွယ်ပြုကာ တာဝန်လစ်ဟင်းမှု၊ အာဏာအလွဲသုံးစားပြုမှု၊ လာဘ်စားမှုတွေနဲ့ ထောင်ဒဏ် ၅ နှစ် ချမှတ်ခဲ့ပါတယ်၊ ဒါပေမဲ့ သူက အမှုကို ရင်မဆိုင်ဘဲ နိုင်ငံခြားကို ထွက်ပြေးတိမ်းရှောင်သွားခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၁၁ နှစ်က ထိုင်းနိုင်ငံရဲ့  ၂၈ ယောက်မြောက် ဝန်ကြီးချုပ်ဖြစ်တဲ့ ယင်လတ်ဟာ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ရဲ့ ညီမဖြစ်သလို လက်ရှိ အာဏာရ ဖွေ့ထိုင်းပါတီအစိုးရ ဝန်ကြီးချုပ် ဖဲထောင်းထန်း ရှင်နာဝပ်ရဲ့ ဒေါ်လေးလည်း တော်စပ်နေပါတယ်။

ဖဲထောင်းထန်း ဝန်ကြီးချုပ် ဖြစ်ပြီးတဲ့နောက် ပြည်ပြေးဖြစ်နေတဲ့ ဖခင်သက်ဆင်ရှင်နာဝပ်ဟာ အမိမြေကို ပြန်လာနိုင်ပြီဖြစ်ပြီး မကြာခင် သူ့ရဲ့ ဒေါ်လေးကိုလည်း ပြန်လာလို့ရအောင် နည်းလမ်းရှာပေးလိမ့်မယ် ဆိုတဲ့ ကောလာဟလတွေ ပြန့်နေစဉ် ဗဟိုတရားရုံးချုပ်ရဲ့ တရားစီရင်ချက် ထွက်ပေါ်လာတာပါ။

ဗဟိုတရားရုံးချုပ်က ခုလို အမိန့်ချလိုက်တာနဲ့ ပတ်သက်ပြီး သူကတော့ ဒီဆန်စပါးကိစ္စမှာ သူ့သဘောဆန္ဒတခုတည်းနဲ့ လုပ်ခဲ့တာမဟုတ်ဘဲ သူ့တယောက်တည်းကိုသာ ပေးလျော်ဖို့ ဆုံးဖြတ်တာဟာ တရားမျှတမှုမရှိဘူး၊ နိုင်ငံတော်ဘဏ္ဍာတွေ နစ်နာဆုံးရှုံးစေဖို့ မရည်ရွယ်ဘူး၊ တောင်သူလယ်သမားတွေကို ကူညီချင်လို့ ဈေးမြှင့်ပြီး ဝယ်ယူခဲ့တာဖြစ်တယ်၊ အမတော်ကြေးကိစ္စ အလုပ်အမှုဆောင်အဖွဲ့က ဆောင်ရွက်နေတာကို ဝန်ကြီးချုပ်အနေနဲ့ ဝင်ရောက် စွက်ဖက်တာမျိုးလည်း မရှိခဲ့ဘူး၊ အုပ်ချုပ်ရေးတရားရုံးကလည်း ကင်းလွတ်ကြောင်း ဆုံးဖြတ်ပြီးပြီလို့ ပြောပါတယ်။

ဒီအမှုမှာ သူနဲ့မပတ်သက်ဘဲနဲ့ တယောက်တည်း ဘတ်သန်းပေါင်း သောင်းနဲ့ချီ ပေးလျော်ရမယ် ဆိုတာ သူ့တသက် ဆပ်လို့တောင် မကျေနိုင်ဘူး၊ တရားရုံးချုပ်က စီရင်ချက်ချတဲ့နေ့ (မေ ၂၂ ရက်) နေ့ဟာ စစ်တပ်ရဲ့ အာဏာအသိမ်းခံခဲ့ရတဲ့ ၁၁ နှစ်မြောက်နေ့ ဖြစ်တယ်။ ဒီ ၁၁ နှစ်အတွင်း သူဟာ အာဏာလည်း အလုခံရတယ်၊ အမှုတွေ အဆင်ခံရတယ်၊ ပစ္စည်းဥစ္စာတွေ သိမ်းယူတာ ခံခဲ့ရတယ်။ တရားမျှတပါရဲ့လား၊ ဘဝမှာ အနာကျင်ရဆုံးပါပဲ၊ ရွေးကောက်ပွဲကနေ တရားမျှတစွာ တက်လာတဲ့ ဝန်ကြီးချုပ်တယောက်သော်မှ စစ်မှန်တဲ့ တရားမျှတမှုကို ခံစားခွင့်မရှိရင် သာမန်ပြည်သူတွေ အတွက်ကတော့ ဘာမှ အာမခံချက်ရှိမှာ မဟုတ်ပါဘူးလို့ သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။

သူ့ရဲ့ပိုင်ဆိုင်မှုကတော့ ၂၀၁၅ ခုနှစ် အမျိုးသား အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ထံ တင်ပြချက်အရ ဘတ်သန်းပေါင်း ၆၁၂ သန်းသာ ရှိတယ်လို့ ဆိုပါတယ်။

သူ့ရဲ့ ရှေ့နေဖြစ်သူ နော်ရဝစ် လာ့လိုင် ကတော့ နောက်ထပ် အယူခံဝင်ဖို့ ကြိုးစားမယ်၊ စပါးဂိုထောင်ထဲက အမှုဖြစ်နေတဲ့ ဆန်စပါးတွေရဲ့ တန်ဖိုးဟာ ဘတ်သန်းပေါင်း ၁၀၀,၀၀၀ ကျော် ရှိတယ်လို့ သိရတယ်၊ အဲဒီစပါးတွေရောင်းပြီး ပေးလျော်ဖို့ အဆိုပြုမယ်။ စစ်အစိုးရလက်ထက်က အဲဒီဆန်စပါးတွေဟာ တစ်ကီလိုဂရမ်ကို ၃ ဘတ်မှ ၅ ဘတ်ထိသာ ဈေးရတယ်လို့ ပြောခဲ့ပေမဲ့ ဖွေ့ထိုင်းပါတီအစိုးရ အာဏာပြန်ရတော့ စီမံစီးပွားဝန်ကြီးက ဆန်ရဲ့ အရည်အသွေးကို ချက်ပြ၊ စားပြပြီး တစ်ကီလို ၁၈ ဘတ်နဲ့ ရောင်းလို့ရတယ်လို့ ပြောတယ်၊ အမှုပြန်ပြီး ရင်ဆိုင်မယ်လို့ ပြောသွားပါတယ်။

သူဝန်ကြီးချုပ်လက်ထက်မှာ တောင်သူလယ်သမားတွေကို ကူညီတဲ့အနေနဲ့ ဆန်စပါးတွေကို ဈေးကြီးပေး ဝယ်ယူခဲ့တယ်။ အဆိုပါ ဆန်စပါးတွေကို နိုင်ငံခြားတိုင်းပြည်ကို တင်ပို့ရောင်းချဖို့ စာချုပ် ချုပ်ခဲ့တယ်၊ ဒါပေမဲ့ နိုင်ငံခြားက ဝယ်ယူနိုင်တဲ့ဈေးဟာ ထိုင်းကရောင်းမယ့်ဈေးထက် နိမ့်ကျနေတော့ စာချုပ်ပျက်သွားတာရှိသလို စာချုပ်အသစ်ပြန်ချုပ်တော့လည်း ရောင်းလိုတဲ့ဈေးလောက် မရတာကြောင့် အရှုံးပေါ်ခဲ့ပါတယ်။ မရောင်းချနိုင်တဲ့ စပါးတွေလည်း ဂိုထောင်ထဲမှာ ပြည့်လို့နေပါတယ်။ ဒီကြားထဲမှာလည်း တောင်သူလယ်သမားတွေကို ချေးထားတဲ့ အမတော်ကြေးငွေ အရှုပ်အရှင်းတွေ ဖြစ်ပေါ်ခဲ့တယ်။ 

ဒီအမှုမှာ အဲဒီခေတ်က စီမံစီးပွား ဒုဝန်ကြီး ဘွန်းဆုန်၊ ဘဏ္ဍာရေး ဒုဝန်ကြီး ဖွန်းဆူရဖုန်း၊ ပုဂ္ဂလိက ကုမ္ပဏီပိုင်ရှင် နိုင်းအဖိချတ်နဲ့ အစိုးရဝန်ထမ်းတချို့ အ‌မှုဖွင့် အရေးယူခံရပြီး နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံခဲ့ရပါတယ်။ ယင်လတ် ရှင်နာဝပ် လက်ထက်မှာ မသမာမှုတွေ ဖြစ်ခဲ့တာကြောင့် တာဝန်အရှိဆုံးသူအဖြစ် အရေးယူခံခဲ့ရတာ ဖြစ်ပါတယ်။

Source: Thai PBS / Bright TV

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013