Home
ဆောင်းပါး
အမြီးပေါက်နေတဲ့ ကြမ်းပိုး
DVB
·
May 21, 2025

ကြမ်းပိုးဆိုတဲ့ ဝေါဟာရကို သိတတ်စအရွယ်ကတည်းက ကြားဖူးခဲ့ပေမဲ့ အရှင်လတ်လတ် မြင်ဖူးတာကတော့ ၁၆ နှစ်သားအရွယ်ရောက်မှသာ။

ကျနော် နေထိုင်ခဲ့တဲ့ ကျေးလက်ဟာ ကြမ်းပိုး ဆိုတဲ့ သတ္တဝါလေးနဲ့ ဘာဆိုဘာမှ မဆိုင်တဲ့ ကြမ်းပိုးကင်းမဲ့ဇုန်ပမာ။ ကျေးလက်က အိမ်အများစုကို သစ်သားအခင်းတွေနဲ့ ဆင်ယင်ထားကြပေမဲ့ သန့်ရှင်းစွာ နေထိုင်တတ်မှုဟာ ကျေးလက်ရဲ့အလေ့အထ ဖြစ်နေတာကြောင့်များလား မသိ။ ဘယ်အိမ်မှာတော့ဖြင့် ကြမ်းပိုးရှိတယ် ဆိုတာမျိုး မကြားမိ။ ပြီးတော့ ကိုယ့်အိမ်လာတဲ့ဧည့် ဖင်တကြွကြွနဲ့ ကြမ်းပိုးကိုက်ခံရတယ်ဆို အင်မတန်မှ ရှက်စရာ။ ကျေးလက်ဗေဒမှာ ကြမ်းပိုးဆိုတာကို ဂုဏ်သိက္ခာကင်းမဲ့မှုရဲ့ အမှတ်လက္ခဏာ။

ကြမ်းပိုးဆိုတာ လူ့သွေးကို စုပ်ယူသောက်စားပြီး အသက်ရှင် နေထိုင်ကြတဲ့အစား။ နွေရာသီ ကျောင်းပိတ်ရက် ရ-ရထားကြီး ပျော်ပျော်စီးကာ ရန်ကုန်သွားတဲ့အခါ ထိုင်နေရင်းနဲ့ တချက် တချက် တင်ပါးမှာ စစ်ခနဲ။ ဘာကောင် ကိုက်မှန်းမသိလို့ လူကြီးတွေကို မေးကြည့်တော့ အဲဒါ ကြမ်းပိုးကိုက်တာတဲ့။ လှုပ်ယမ်းနေတဲ့ ရထားပေါ် ဘယ်သူကမှ ကြမ်းပိုးရှာပုံတော်ဖွင့် မသတ်ကြမှန်း ကြမ်းပိုးတွေကိုယ်တိုင် သိကြလို့ပဲလား။ ကြမ်းပိုး ဆိုတဲ့အစားက ရရင်ရသလို အလစ်ဝင်တွယ်တတ်တဲ့ အစားလား။ ရထားပေါ် ကြမ်းပိုးကိုက်တာက မကြာခဏဆိုသလို။ ကြမ်းပိုးကိုက်ခံခဲ့ရပေမဲ့ ကြမ်းပိုးကိုတော့ မမြင်ဘူး။

အသက် ၁၆ နှစ်ပြည့်ခါစ၊ ၁၉၉၀ ပြည့်နှစ်မှာ နိုင်ငံရေးအကျဉ်းသားအဖြစ် မုံရွာထောင်ထဲ ရောက်မှသာ ကြမ်းပိုးဆိုတာကို အရှင်လတ်လတ် မြင်ဖူးတော့တယ်။ ညဘက်ဆို သူတို့ခိုအောင်းရာ ချောင်ကြိချောင်ကြားတွေကနေ ထွက်လာ၊ အာဟာရမပြည့်တဲ့ အကျဉ်းသားတွေရဲ့ သွေးတွေကို အလိုရမ္မက်ကြီးစွာနဲ့ စုပ်ယူကြ။ အကောင်ပုံစံက ပုကပ်ကပ် သေးသေးကွေးကွေးနဲ့ ရွံရှာဖွယ် အရောင်အဆင်းနဲ့။ သွေးစုပ်နေတဲ့ ကြမ်းပိုးကို ဒေါသတကြီး လက်နဲ့ဖိသတ်လိုက်တဲ့အခါ မဲညစ်ညစ်သွေးတွေနဲ့ နံဟောင်လွန်းလှတဲ့ အနံ့။

မုံရွာထောင်က ထောင်သက်တမ်းပဲ နုသေးလို့လား၊ အကျဉ်းသားဦးရေ သိပ်မများလို့လားတော့ မသိ။ ကြမ်းပိုးတွေ ရှိတော့ရှိပေမဲ့ သိပ်မများ။ ထောင်ထဲရောက်ခါစ လူတွေအတွက် ကြမ်းပိုးနည်းနည်းကိုက်လို့ စိတ်အနှောင့်အယှက်ဖြစ်ရပေမဲ့ အနေကြာလာတော့ အခုလောက် နည်းနည်းကိုက်တာ ကိုက်လို့ကိုက်မှန်းပင် မသိတော့။

မုံရွာထောင်ကနေ မန္တလေးနန်းတွင်းထောင် ပြောင်းပို့ခံရတော့ ကိုက်လိုက်တဲ့ ကြမ်းပိုးတွေမှ အောတိုက်။ ညအိပ်ချိန်ရောက်ပြီး နာရီဝက်လောက်ကြာရင်ပဲ ကြမ်းပိုးတွေ အုံလိုက်ကျင်းလိုက် စစ်ကြောင်းကြီး ချီလာကြသလိုမျိုး။ သတ်ရတာကို လက်မလည်။ ကျနော်တို့က ကြမ်းပိုးကိုက် သက်သာရအောင်ရော၊ ကြမ်းပိုးတက်လာရင် မြင်သာထင်သာရှိလေအောင် ထောင်ပုံစံ လုံချည်အဖြူကို ခင်းအိပ်ကြ။ မနက်လည်းကျရော အဲဒီလုံချည်ပေါ်မှာ ကြမ်းပိုးသတ်ထားလို့ ထွက်လာတဲ့ သွေးညစ်တွေ မနည်းမနော။

ပြီးတော့ မန္တလေးထောင်ရောက်မှပဲ အမြီးပေါက်နေတဲ့ ကြမ်းပိုးတွေကိုပါ မနည်းမနော မြင်ရတယ်။ ဝါရင့်အကျဉ်းသားကြီးတဦးက ပြင်ပကမ္ဘာမှာ တော်ရုံ မတွေ့နိုင်လောက်တဲ့ ကြမ်းပိုးမို့ သေချာကြည့်ထားကြလို့ ဆိုတယ်။ အမြီးပေါက်နေတဲ့ ကြမ်းပိုးဆိုတာ ကြားတောင် မကြားခဲ့ဘူးတဲ့ တကယ့်ဝါရင့်ကြမ်းပိုး။ သက်ဆိုးလည်းရှည်၊ ခွန်အားဗလတွေလည်း ပြည့်ဖြိုးလွန်းတာကြောင့် အမြီးတောင် ပေါက်တဲ့အဆင့်။ အဲဒီ အမြီးပေါက်နေတဲ့ ကြမ်းပိုးကို လက်နဲ့ ဖိသတ်ကြည့်လိုက်၊ တော်ရုံနဲ့မသေ။ သေပြီဆိုလည်း စုပ်ထားဆောင်းထားတဲ့ သွေးတွေက ဖြန်းခနဲ၊ ပြီးတော့ နံလိုက်တာမှ တော်ရုံကြမ်းပိုးထက် ၁၀ ခါပြန်။

မန္တလေးထောင်မှာ ကြမ်းပိုးတွေကိုက်လွန်းလို့ ငွေတတ်နိုင်တဲ့ အကျဉ်းသားတွေက ဦးဆောင်ကာ ထောင်မှူး၊ ထောင်ပိုင်တွေကို လိုင်းကြေးပေးပြီး ကြမ်းပိုးသတ်ဆေး ဖျန်းခွင့်ပေးဖို့ ခယကြတယ်။ ထောင်ကျဆောင်ဘက်ခြမ်းမှာ တဝင်းလုံး နံဟောင်နေအောင် ကြမ်းပိုးသတ်ဆေး နိုင်နိုင်ဖျန်းကြတယ်။ ဖျန်းပြီးစ ၂ လ၊ ၃ လ အကျဉ်းသားတွေ ကြမ်းပိုးရန်ကင်း အိပ်စက်ခြင်းအမှု ကောင်းစွာပြုကြရ။ ၃ လ ဒီဘက်လည်း ကျော်လာရော ကြမ်းပိုးကိုက်ခြင်းသံသရာက ဖြည်းဖြည်းချင်း ပြန်စတင်လာ။ ၇ လလောက်ကြာတော့ အရင်အတိုင်း ပြန်ဖြစ်ရုံတင်မက နောက်ပိုင်းမှာ အမြီးပေါက်နေတဲ့ ကြမ်းပိုးတွေကိုပါ ပြန်မြင်ရ။ ဒါနဲ့ နောက်တကြိမ် ကြမ်းပိုးသတ်ရန် လိုင်းကြေးပေး ခယ၊ ဖျန်းတုန်းခဏ ကြမ်းပိုးတွေသေ၊ ပြီးတော့ သံသရာပြန်လည်လာ။

မန္တလေးထောင်ထဲက အဆောက်အအုံမှန်သမျှကို ဖျက်ပစ်လိုက်မှသာ ကြမ်းပိုး လုံးဝကင်းသွားမယ်လို့ ထောင်သုံးကြိမ်ကျခဲ့ဖူးတဲ့ နိုင်ငံရေးသမားကြီးက ပြောခဲ့ဖူးတယ်။ ကျနော် ထောင်ထဲကနေ ပြန်ထွက်လာပြီးနောက် အင်းစိန်ထောင် အခန်းထဲ ကြမ်းပိုးကိုမြင်တော့ ဆရာဒဂုန်တာရာ အဲဒီကြမ်းပိုးကို လက်နဲ့ကိုင်ကာ အခန်းအပြင်ဘက် သွားလွှတ်ပေးလိုက်တာ ဖတ်ရပြီး ပြုံးမိတယ်။

ကြမ်းပိုးတွေက မြင်မကောင်း ရှုမကောင်း လူတွေကို ဒုက္ခသာ ပေးတတ်သလောက် ကြမ်းပိုးထိုးတတ်တဲ့လူတွေကလည်း လူ့ပတ်ဝန်းကျင်အတွက် ကောင်းကျိုးဆိုတာရယ်မရှိ။ အဆိုးရွားဆုံးက အမြီးပေါက်နေတဲ့ စစ်အာဏာရှင် ကြမ်းပိုးကြီးတွေ။ ကျနော်တို့တိုင်းပြည်ရဲ့ စစ်အာဏာရှင်ကြမ်းပိုးတွေက သမိုင်းရဲ့ ချောင်ကြိုချောင်ကြား နေရာတွေကနေ ပြည်သူမပေးတဲ့ အာဏာပလ္လင်ပေါ် လုယက်တက်လာကြသူတွေ။ ပြည်သူတွေရဲ့ အလောင်းတွေပေါ်မှာ အာဏာထူထောင်၊ ပြည်သူ့သွေး၊ ပြည်သူ့အသက်တွေနဲ့ သက်ဆိုးရှည်။

ပထမစစ်အာဏာရှင် နေဝင်းဟာ အာဏာအတွက် ပြည်သူ့သွေးတွေကိုသောက် အမြီးပေါက်ခဲ့တာ ၂၆ နှစ်တာ။ နေဝင်းကို မြန်မာ့နိုင်ငံရေးစင်မြင့်ထက်ကနေ ပြည်သူတွေ ကန်ချနိုင်ခဲ့ပေမဲ့ စစ်အာဏာရှင်အဆောက်အဦ တခုလုံးကို မဖြိုဖျက်နိုင်ခဲ့တာကြောင့် အမြီးပေါက်နေတဲ့ နောက်ထပ် ကြမ်းပိုးတကောင်နဲ့ ကြမ်းပိုးပေါင်းများစွာ မြန်မာမြေပေါ် ဗိုလ်ကျသိုက်တူးခွင့် ရခဲ့ကြတယ်။

အခုနောက်ဆုံး အမြီးပေါက်လာတဲ့ ကြမ်းပိုးက မင်းအောင်လှိုင်။ မလုပ်ရဲတာ ဘာမှမရှိဘူးဆိုတဲ့ ကြွေးကြော်သံနဲ့ နိုင်ငံရေးဉာဏ်ရည်အမဲ့ဆုံး သားသတ်သမား။ နိုင်ငံရေးဉာဏ်ရည် မဲ့လွန်းတာကြောင့် ဘယ်အချိန်မဆို သူ့လက်ညှိုးက သေနတ်မောင်းပေါ်မှာသာ အဆင်သင့်။ တတိယစစ်အာဏာရှင်ဘွဲ့ကို အလွယ်တကူ ရလိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ အာဏာသိမ်းပြီးကာမှ ပြေးရမယ့်အပေါက်ကိုလည်း ရှာထားရပြီမို့ မုန်ယိုနေတဲ့ ဆင်တကောင်ပမာ။ မြန်မာ့စစ်အာဏာရှင်သမိုင်းတလျှောက် ဉာဏ်ရည်အမဲ့ဆုံး၊ အရှက်မဲ့ဆုံး၊ ပြည်သူအသတ်ဆုံး၊ အရက်စက်ဆုံး၊ ပြီးတော့ သူ့မျက်နှာပေါ် ခုတ်ရာထစ်ရာ ဒဏ်ရာတွေလည်း ဗရပွနဲ့။

အရှုံးပေါ် အရှုံးတွေ ထပ်ထပ်လာတာကြောင့် ရှုံးရမှာကြောက်ပြီး ဘာဆိုဘာမှ မမြင်တော့တဲ့ ရှုံးမဲ။ ထမင်းလွတ် ရူးနေသူတဦးရဲ့လက်ထဲ သေနတ်ရောက်နေသလို ကလေးလည်း မရှောင်၊ သက်ကြီးရွယ်အိုလည်း မရှောင်၊ အမျိုးသမီးလည်း မရှောင် ပစ်ထည့်လိုက်မယ် ဆိုတာချည်း။

မေလ ၁၂ ရက်၊ ဒီပဲယင်းမြို့နယ်၊ အိုးတိန်တွင်းရွာ စာသင်ကျောင်းမှာ ကလေးတွေ စာသင်နေတဲ့အချိန် တိုက်လေယာဉ်နဲ့ ဗုံးကြဲချခဲ့တာဟာ တော်ရုံစစ်အာဏာရှင်တယောက် မတွေးဝံ့ခဲ့တဲ့ မင်းအောင်လှိုင်ရဲ့ စိတ္တဇအနာ။ ဖြစ်ချင်ရာဖြစ် အာဏာလက်မလွှတ်ရရေးသည် နံပါတ်တစ်ဖြစ်ကြောင်း ဖော်ပြချက်။

ဒါပေမဲ့ မင်းအောင်လှိုင်ရဲ့ စိတ္တဇအနာက အခုမှ ဘယ်ဟုတ်မလဲ။ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၆ ရက်ကလည်း ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းရွာ စာသင်ကျောင်းမှာ စာသင်နေတဲ့ ကလေးငယ်တွေကို ရဟတ်ယာဉ်ပေါ်ကနေ စိတ်ကြိုက်ပစ်ခဲ့ဖူး။ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလထဲမှာလည်း လူ ၆၀ ကျော် သေဆုံးခဲ့တဲ့ ဖားကန့်မြို့နယ်၊ အနန့်ပါရွာ ဗုံးကြဲသတ်ဖြတ်မှု။ ၂၀၂၃ ခုနှစ်၊ ဧပြီ ၁၁ ရက်၊ လူ ၁၅၀ ကျော် သေဆုံးခဲ့တဲ့ ကန့်ဘလူမြို့နယ်၊ ပဇီကြီးရွာ လေကြောင်းတိုက်ခိုက်မှု။ ကြမ်းပိုးဟာ လူ့သွေးတွေနဲ့သာ အသက်ဆက်နိုင်သလို မင်းအောင်လှိုင်ကလည်း ပြည်သူ့သွေးတွေနဲ့ သက်ဆိုးရှည်နိုင်အောင် ကြိုးစားရတာ ဘယ်ဆန်းမလဲ။

အိုးတိန်တွင်းရွာ လူသတ်ပွဲအပြီး နိုင်ငံတကာအသိုင်းအဝိုင်းက ထုံးစံမပျက် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်းတွေ ထုတ်ပြန်ကြပေမဲ့ မေလ ၁၃ ရက်မှာ ရသေ့တောင်မြို့နယ်၊ ထွန်းရဝေရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာမှာ ကလေးတဦး အပါအဝင် အရပ်သား ၁၃ ဦးထက်မနည်း သေဆုံးခဲ့ပြန်တယ်။ နောက်ထပ် စာသင်ကျောင်းကို ဗုံးကြဲခဲ့တာတွေလည်းရှိ။ နေ့စဉ်မပျက် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတဲ့သတင်းတွေ အောတိုက်လို့။

အဲဒီလောက် ပြင်းပြင်းထန်ထန် လေကြောင်းတိုက်ခိုက်နေတာတောင် အနောက်အုပ်စုနိုင်ငံတချို့က အိုးတိန်တွင်းရွာ စာသင်ကျောင်းကိစ္စ ကန့်ကွက်စာထုတ်ရာမှာ စစ်ကောင်စီအနေနဲ့ ဆွေးနွေးညှိနှိုင်း အဖြေရှာပါလို့ တိုက်တွန်းနေပြန်တော့ အမြီးပေါက်နေတဲ့ ကြမ်းပိုးတွေကို သွေးမစုပ်ဖို့ ဖျောင်းဖျနေတာလားလို့ တွေးမိကာ ပြုံးရပြန်တယ်။

ပြီးတော့ မန္တလေးထောင်ထဲက အဆောက်အအုံမှန်သမျှကို ဖျက်ပစ်လိုက်မှသာ ကြမ်းပိုးလုံးဝ ကင်းသွားမယ်လို့ ဆိုတဲ့ နိုင်ငံရေးသမားကြီးရဲ့ စကားကိုလည်း ပြန်သတိရမိတယ်။

မင်းအောင်လှိုင် ဆိုတာ အမြီးပေါက်ရုံတင်မက အမြီးတောင် တော်တော်ရှည်နေပြီဖြစ်တဲ့ ကြမ်းပိုးပဲ။ စစ်အာဏာရှင် အဆောက်အဦတခုလုံးကို ဖြိုဖျက်ပစ်နိုင်မှသာ ပြည်သူ့သွေးနဲ့ အသက်ဆက်နေတဲ့ ကြမ်းပိုးတွေ ကင်းစင်မယ်။ ဒီတကြိမ် နောက်ဆုံးပဲ။ ဒီအကြိမ် လုံးဝအပြတ်ရှင်းရမယ်။

လင်းဆက်ငြိမ်းချမ်း

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024