
ချင်းပြည်နယ်၊ ဟားခါးမြို့မှာ ပြီးခဲ့တဲ့ရက်ပိုင်းက စစ်ကောင်စီလက်အောက်ခံ ၃ ယောက် အလင်းဝင်လာပြီး တယောက်ကို အရှင်ဖမ်းမိခဲ့တယ်လို့ Chinland Defense Force (Hakha) ဆီကနေ သိရပါတယ်။
Chinland Defense Force (Hakha) ရဲ့ ပြန်ကြားရေးတာဝန်ခံက “ဟားခါးမြို့ပေါ် မှာ တာဝန်ကျနေတဲ့ စစ်ကောင်စီလက်အောက်ခံ စစ်သား ၂ ယောက်နဲ့ ရဲသား ၁ ယောက်တို့ အလင်းဝင်လာကြတာ ဖြစ်ပါတယ်။ ဟားခါးမြို့ပေါ်မှာ တာဝန်ကျနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦးကိုလည်း အရှင်ဖမ်းဆီးရမိခဲ့သေးတယ်” လို့ ပြောပါတယ်။
အလင်းဝင်လာသူတွေထဲက အသက် ၃၂ နှစ်အရွယ် စစ်မှုထမ်းတပ်သားသစ် ကျော်ရဲအောင် (ပစ-၁၀၀၈၄၂) ကတော့ MA သေနတ် ၁ လက်၊ ကျည် ၂၂၀၊ အီနာဂါဗုံး ၄ လုံး၊ လက်ပစ်ဗုံး ၃ လုံးတို့နဲ့ အလင်းဝင်ရောက်လာခဲ့တာလို့ ပြောပါတယ်။
ပြီးခဲ့တဲ့ မေ ၁၅ ရက်ကနေ ၁၇ ရက်နေ့တွေအတွင်း အလင်းဝင်ရောက်လာခဲ့ကြတာဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ တယောက်ကိုတော့ မေ ၁၅ ရက်နေ့မှာ အရှင်ဖမ်းဆီးရမိခဲ့တာလို့ ဆိုပါတယ်။
CNA ရဲ့ ပြောရေးဆိုခွင့်ရှိသူ အရာရှိတယောက်က “အလင်းဝင်ကြသူတွေထဲက လက်နက်ခဲယမ်းတွေ ပါလာသူကို ဆုကြေးငွေတွေ ပေးအပ်လိုက်ပြီး လုံခြုံတဲ့နေရာကို ပို့ဆောင်ထားပြီးပါပြီ။ အရှင်ဖမ်းမိထားတဲ့ စစ်သားကိုတော့ စစ်ဆေးမေးမြန်းမှုတွေ ဆောင်ရွက်နေဆဲပါ။ စစ်ဆေးပြီးတော့လည်း ပြည်သူတွေအပေါ် သူတို့ ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေပေါ်မှာ မူတည်ပြီး ဥပဒေနဲ့အညီပဲ ဆောင်ရွက်သွားဖို့ပဲ ရှိနေပါတယ်” လို့ DVB ကို ပြောပါတယ်။
ဆက်လက်ပြီးတော့လည်း ဟားခါးမြို့မှာ အပြစ်မဲ့ပြည်သူတွေကို ဒုက္ခမျိုးစုံပေးနေတဲ့ စစ်ကောင်စီ လက်အောက်ခံတွေကို လိုက်လံဖမ်းဆီးအရေးယူသွားမှာဖြစ်တာကြောင့် အမြန်ဆုံး အလင်းဝင်ရောက်ကြဖို့နဲ့ တိုက်တွန်းပါတယ်။
ဟားခါးမြို့မှာ ပြည်သူအယောင်ဆောင်ပြီး တော်လှန်ရေးသတင်းတွေ ထောက်လှမ်းနေတဲ့ စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့ဝင် ၂ ယောက်ကိုလည်း ပြီးခဲ့တဲ့ မေ ၁ ရက်မှာ CDF Hakha တပ်ဖွဲ့က အရှင်ဖမ်းဆီးနိုင်ခဲ့ကြပါသေးတယ်။










