Home
ဆောင်းပါး
ငလျင်ဘေးထက် အာဏာတည်မြဲရေးကိုသာ ဦးစားပေးတဲ့ စစ်ကောင်စီ
DVB
·
May 19, 2025

မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ ရစ်ခ်ျတာစကေး ၇ ဒသမ ၇ အဆင့်ရှိ ငလျင်ဟာ မြန်မာနိုင်ငံကို ပြင်းထန်စွာ ထိခိုက်စေခဲ့ပါတယ်။ အမေရိကန် ဘူမိဗေဒ စစ်တမ်းဌာနရဲ့ အဆိုအရ ၁၉၁၂ ခုနှစ်နောက်ပိုင်း အပြင်းထန်ဆုံးငလျင်ဖြစ်ပြီး နိုင်ငံရဲ့ ဒုတိယလူဦးရေအများဆုံး မန္တလေးမြို့ဟာ ငလျင်ရဲ့ အဓိကဗဟိုချက် ဖြစ်ခဲ့ပါတယ်။ တရားဝင် သေဆုံးသူဦးရေဟာ ဆက်လက်မြင့်တက်နေပါတယ်။ အာဆီယံ သဘာဝဘေးအန္တရာယ်ကူညီရေး ညှိနှိုင်းရေးစင်တာ (AHA Centre) ရဲ့ အဆိုအရ ဧပြီလကုန်အထိ လူပေါင်း ၃,၈၀၀ သေဆုံးခဲ့ပြီး ၅,၁၀၀ ဒဏ်ရာရရှိခဲ့ကာ ၁၁၆ ဦး ပျောက်ဆုံးနေပါတယ်။ အဲဒီအရေအတွက်ဟာ ထပ်မံမြင့်တက်လာခဲ့ကာ မြန်မာနိုင်ငံမှာဆိုရင် ၅,၃၅၂ ဦးနဲ့ ထိုင်းနိုင်ငံမှာ ၉၆ ဦးအထိ ဖြစ်လာခဲ့ပါတယ်။ လူပေါင်း ၁၁,၄၀၄ ဦးအထိ ဒဏ်ရာရရှိခဲ့ပြီး ဘန်ကောက်က ပြိုကျသွားတဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်ကလူတွေ အပါအဝင် ရာနဲ့ချီတဲ့လူတွေ ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။

Frontier သတင်းဌာနရဲ့ ဖော်ပြချက်အရ နေပြည်တော်၊ မန္တလေးနဲ့ စစ်ကိုင်းက ကယ်ဆယ်ရေးလုပ်သား အများစုဟာ လုံလောက်တဲ့ ကိရိယာတန်ဆာပလာ မရှိတဲ့ စေတနာ့ဝန်ထမ်းတွေ ဖြစ်ပါတယ်။ NASA ရဲ့ လေ့လာဆန်းစစ်ချက်တွေအရ မြေပြင် နေရာတချို့မှာ ပေ ၂၀ အထိ ရွေ့လျားသွားခဲ့တာကို တွေ့ရပါတယ်။

၂၀၂၄ ခုနှစ်က တိုင်ဖွန်းရာဂီနဲ့ ၂၀၂၃ ခုနှစ်က ဆိုင်ကလုန်း မိုခါလို သဘာဝဘေးအန္တရာယ်တွေနဲ့ မတူတာကတော့ အရင်းအမြစ်အများကြီး ပိုရှိတဲ့ စစ်တပ်ဟာ အထင်ကရ အဆောက်အအုံတွေကို ကာကွယ်ဖို့၊ လာရောက်ကြည့်ရှုတဲ့ ဗိုလ်ချုပ်တွေကို လိုက်ပါစောင့်ရှောက်ဖို့နဲ့ အရေးကြီးတဲ့ စေတီအပြိုအပျက်တွေဆီက အပျက်အစီးတွေကို ရှင်းလင်းဖို့အတွက်သာ စစ်သားအနည်းငယ်ကို စေလွှတ်ခဲ့ပါတယ်။ ထူးခြားတာက စစ်သားတွေကို ငလျင်ကယ်ဆယ်ရေးအတွက် ရှေ့တန်းကနေ ပြန်လည်ခေါ်ယူခဲ့ခြင်း မရှိပါဘူး။ ဒါ့အပြင် စစ်တပ်ဟာ မြို့ထဲက လုယက်မှုတွေကိုလည်း မကာကွယ်နိုင်ခဲ့ဘူးလို့ မန္တလေးမြို့ခံတွေက ပြောပါတယ်။

နိုင်ငံခြားကယ်ဆယ်ရေးအဖွဲ့ အများအပြားဟာ ငလျင်ဒဏ် အဆိုးရွားဆုံးခံခဲ့ရတဲ့ ဒေသတချို့က အသက်ရှင်ကျန်ရစ်သူတွေကို ကယ်ထုတ်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ တချို့နေရာတွေကိုတော့ စစ်ကောင်စီက သွားခွင့်မပြုပါဘူး။ ပြည်တွင်းက ပြည်သူတွေရဲ့ အလှူငွေတွေကို အားကိုးနေရတဲ့ အဖွဲ့တွေဟာလည်း တိုင်းပြည်စီးပွားရေး ကျဆင်းလာတာနဲ့အမျှ သူတို့ရဲ့ ရန်ပုံငွေတွေ လျော့နည်းလာတာကို ကြုံခဲ့ရပါတယ်။ တချို့အဖွဲ့တွေကတော့ အနောက်နိုင်ငံတွေကလာတဲ့ နိုင်ငံခြားအကူအညီတွေတဆင့် ပေးပို့နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ (USAID) ကို ဖျက်သိမ်းလိုက်တာကြောင့် အကူအညီ ဖြန့်ဝေရာမှာ ငွေကြေးအများကြီး လျော့နည်းသွားခဲ့ပါတယ်။

တရုတ်နဲ့ ရုရှားတို့က ပေးတဲ့ အကူအညီ အမြောက်အမြားဟာလည်း အများအားဖြင့် စစ်ကောင်စီကနေတဆင့် ရောက်ရှိတာဖြစ်ပါတယ်။ ဒါကြောင့် စစ်ကောင်စီဟာ သူတို့သဘောအတိုင်း လုပ်ဆောင်နိုင်ပြီး ပွင့်လင်းမြင်သာမှုလည်း ရှိမှာမဟုတ်‌ပါဘူး။

အကူအညီပေးတဲ့ လုပ်သားတွေရဲ့ Frontier ကို ပြောဆိုချက်အရ စစ်ကောင်စီဟာ ပြင်းထန်တဲ့ ကန့်သတ်ချက်တွေ ချမှတ်ဖို့အတွက် အလွန်အမင်း စည်းမဲ့ကမ်းမဲ့ ဖြစ်နေတယ်လို့ ဆိုပါတယ်။ မုတ်သုံရာသီ နီးကပ်လာတဲ့အချိန်မှာ လူပေါင်း သောင်းနဲ့ချီပြီး အိုးမဲ့အိမ်မဲ့ ဖြစ်နေတုန်းပါပဲ။ ဒါကြောင့် အကူအညီပေးရေး အေဂျင်စီတွေက အနာဂတ်မှာ ကြီးမားတဲ့ စိန်ခေါ်မှုတွေ ရှိလာနိုင်တယ်လို့ သတိပေးထားကြပါတယ်။

ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေကို ရှေ့ဆက်ပြီး လပေါင်းများစွာကြာ လုပ်ဆောင်ရဦးမှာပါ။ ဒါပေမဲ့ စစ်ကောင်စီကတော့ ပိုမိုထိန်းချုပ်မှုတွေ လုပ်ဆောင်လာဖို့ ရှိပါတယ်။ မကောင်းတဲ့အချက်ကတော့ အကူအညီပေးရေး အေဂျင်စီတွေနဲ့ သတင်းထောက်တွေအတွက် သတင်းပေးပို့တာနဲ့ပတ်သက်တဲ့ စည်းမျဉ်းအသစ်တွေကို စတင်သတ်မှတ်နေပုံရပါတယ်။ အနောက်နိုင်ငံရဲ့ နိုင်ငံတကာ သတင်းဌာနတွေ၊ အထူးသဖြင့် Radio Free Asia နဲ့ Voice of America တို့ဟာလည်း ထရမ့်ပ်ရဲ့ အမိန့်တွေကြောင့် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ဒါပေမဲ့ တရုတ်နိုင်ငံကတော့ အာရှ-ပစိဖိတ်ဒေသနဲ့ အခြားဒေသတွေမှာ အခုလို အမေရိကန်ရဲ့ သတင်းအချက်အလက်ကဏ္ဍကနေ ဆုတ်ခွာမှုကို ဖြည့်ဆည်းဖို့ ခပ်သွက်သွက် လုပ်ဆောင်နေပါတယ်။ ဒါပေမဲ့ ခြုံကြည့်လိုက်မယ်ဆိုရင် မြန်မာ့အရေးအပေါ် ကမ္ဘာ့မီဒီယာရဲ့ အာရုံစိုက်မှုဟာ တဖြည်းဖြည်း လျော့နည်းလာနေပါပြီ။

စစ်ကောင်စီရဲ့ ဦးစားပေးမှုများ

လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ စီးဆင်းနိုင်ဖို့ဆိုကာ စစ်ကောင်စီက အပစ်အခတ် ရပ်စဲကြောင်း ကြေညာခဲ့ပါတယ်။ အပစ်အခတ်ရပ်စဲမှု စတင်တဲ့ ဧပြီလ ၂ ရက်နေ့မှာတောင် စစ်ကောင်စီဟာ လေကြောင်းတိုက်ခိုက်မှုတွေ၊ လက်နက်ကြီးပစ်ခတ်မှုတွေ အပါအဝင် ပြင်းထန်တဲ့ စစ်ဆင်ရေးတွေကို ဆက်လက်လုပ်ဆောင်နေတုန်းပါပဲ။ လက်နက်ကိုင်ပဋိပက္ခ တည်နေရာနဲ့ ဖြစ်ရပ်များ အချက်အလက်စီမံကိန်း (ACLED) ရဲ့ အဆိုအရ စစ်ကောင်စီရဲ့ ပထမအကြိမ် အပစ်အခတ်ရပ်စဲဖို့ ကြေညာပြီးတဲ့နောက် အနည်းဆုံး တိုက်ခိုက်မှု ၁၇၂ ကြိမ် ဖြစ်ပွားခဲ့ပြီး အဲဒီအထဲက ၇၃ ကြိမ်ဟာ ငလျင်ဒဏ်ခံခဲ့ရတဲ့ ဒေသတွေမှာ ဖြစ်ပွားခဲ့ပါတယ်။ ငလျင်ဗဟိုချက်ရဲ့ အနောက်မြောက်ဘက် ကီလိုမီတာ ၁၀၀ လောက်မှာရှိတဲ့ အိုးတိန်တွင်းရွာမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကျောင်းသား ၂၀ နဲ့ ဆရာ ၂ ဦး သေဆုံးခဲ့ပါတယ်။ ကုလသမဂ္ဂ အကြီးအကဲ အန်တိုနီယို ဂူတာရက်စ်ဟာ အဆိုပါ တိုက်ခိုက်မှုသတင်းကြောင့် “အလွန်တုန်လှုပ်ချောက်ချား” ခဲ့ရတယ်လို့ သူ့ရဲ့ ပြောရေးဆိုခွင့်ရှိသူက နယူးယောက်မှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။ ကျောင်းတွေဟာ ကလေးတွေ ဘေးကင်းစွာ ပညာသင်ယူနိုင်တဲ့ နေရာတွေဖြစ်ကြောင်း၊ ဗုံးကြဲခံရတဲ့နေရာတွေ မဖြစ်သင့်ကြောင်းလည်း ထည့်သွင်း ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ အကျဉ်းထောင်တွင်း ဖိနှိပ်မှုတွေ တိုးများလာနေတာဟာလည်း အလားတူ စိုးရိမ်စရာကောင်းတဲ့ အချက်တခုပဲ ဖြစ်ပါတယ်။ ၂၀၂၅ ခုနှစ် မတ်လမှာ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က “၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးကတည်းက စစ်ကောင်စီဟာ လူပေါင်း ၂၂,၁၀၀ ကျော်ကို တရားစွဲဆိုခဲ့ပြီး အဲဒီအထဲက ၁၀,၇၀၀ ကျော်ကို ပြစ်ဒဏ်ချမှတ်ခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။” စစ်ကောင်စီဟာ ၂၀၂၅ ခုနှစ် ဧပြီလမှာ အကျဉ်းသား ၄,၉၀၀ နီးပါးကို လွတ်ငြိမ်းချမ်းသာခွင့် ကြေညာခဲ့ပေမဲ့ နိုင်ငံရေးအကျဉ်းသား ၃၈၀ ကျော် လောက်ပဲပါဝင်ပါတယ်။ ၂၀၂၄ ခုနှစ် စက်တင်ဘာလနဲ့ ဒီဇင်ဘာလကြားမှာတင် အနည်းဆုံး လူ ၈၇ ဦးဟာ ထိန်းသိမ်းခံရစဉ် သေဆုံးခဲ့ပါတယ်။ အများစုဟာ ညှဉ်းပန်းနှိပ်စက်ခံရမှု၊ ဆေးဝါးကုသခွင့် ငြင်းပယ်ခံရမှုနဲ့ လူမဆန်တဲ့ ဆက်ဆံမှုတွေကြောင့် သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။ ရွေးကောက်ခံ အရာရှိတွေ၊ သတင်းထောက်တွေ၊ လူ့အခွင့်အရေး လှုပ်ရှားသူတွေနဲ့ ကျောင်းသားတွေကို ဆက်လက်ဖမ်းဆီးထားတာဟာ အတိုက်အခံတွေရဲ့အသံကို တိတ်ဆိတ်စေဖို့ စစ်ကောင်စီရဲ့ မညှာမတာ ကြိုးပမ်းမှုတွေကို ပြသနေတာပဲဖြစ်ပါတယ်။

မြန်မာပြည်သူတွေ ဝမ်းနည်းပူဆွေးနေချိန်မှာ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ဟာ ဘန်ကောက်ကို သွားရောက်ခဲ့ပါတယ်။ ဒါဟာ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီး နှစ်လအကြာ အာဆီယံ သဘောတူညီချက်ငါးချက် ထွက်ပေါ်လာခဲ့တဲ့ ဂျကာတာအစည်းအဝေးပြီးနောက် အရှေ့တောင်အာရှနိုင်ငံ တနိုင်ငံကို သွားတဲ့ ပထမဆုံးခရီးစဥ် ဖြစ်ပါတယ်။ ဧပြီ ၄ ရက်နေ့ ဘန်ကောက်မှာ ကျင်းပခဲ့တဲ့ BIMSTEC (ဘင်္ဂလားပင်လယ်အော်ဒေသတွင်း ဘက်စုံနည်းပညာနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု) အဖွဲ့ဝင်နိုင်ငံများရဲ့ နိုင်ငံတော်/အစိုးရ အကြီးအကဲများရဲ့ ၆ ကြိမ်မြောက် ထိပ်သီးအစည်းအဝေးမှာ ထိုင်းဝန်ကြီးချုပ် ပေတောင်တန် ရှင်နာဝပ်နဲ့ အိန္ဒိယဝန်ကြီးချုပ် နရင်ဒြာ မိုဒီတို့နဲ့ မင်းအောင်လှိုင်တို့ လက်ဆွဲနှုတ်ဆက်ခဲ့ကြပါတယ်။

အာဆီယံ လွှတ်တော်အမတ်များ လူ့အခွင့်အရေးဆိုင်ရာအဖွဲ့ (APHR) က ဖွဲ့စည်းထားတဲ့ “မြန်မာနိုင်ငံရဲ့ အာဏာသိမ်းမှုအပေါ် ကမ္ဘာလုံးဆိုင်ရာ တုံ့ပြန်မှု နိုင်ငံတကာ ပါလီမန် စုံစမ်းရေးအဖွဲ့ (IPI)” ရဲ့ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ နောက်ဆုံးအစီရင်ခံစာမှာ “အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ချက်ဟာ မအောင်မြင်ခဲ့ပါဘူး။ နောက်ထပ် ပုံစံသစ်နဲ့ ချဉ်းကပ်ဖို့ လိုအပ်နေတယ်ဆိုတာ ရှင်းလင်း သိသာပါတယ်” လို့ ဖော်ပြခဲ့ပါတယ်။ IPI ရဲ့ သက်သေတဦး မှတ်ချက်ပြုခဲ့သလို “မင်းအောင်လှိုင်ဟာ အဲဒီသဘောတူညီချက်ကို လက်မှတ်ရေးထိုးကတည်းက ရိုးသားမှုမရှိပါဘူး။ အဲဒါတွေကို လိုက်နာဖို့ ရည်ရွယ်ချက်မရှိဘူးဆိုတာ အစကတည်းက အလွန်ထင်ရှားပါတယ်” လို့ ဆိုပါတယ်။ ဒါပေမဲ့ တခြား အာဆီယံ ခေါင်းဆောင်တွေဟာ စစ်ကောင်စီအပေါ် လျှာနှစ်ခွ‌ပေါ်လစီနဲ့ ကိုင်တွယ်နေပုံရပါတယ်။

စားနပ်ရိက္ခာ မလုံလောက်မှု တိုးများလာခြင်း

ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) က ငလျင်ကြောင့် မြန်မာနိုင်ငံမှာ စားနပ်ရိက္ခာ မလုံလောက်မှုတွေ ပိုမိုဆိုးရွားလာနိုင်တယ်လို့ သတိပေးထားပါတယ်။ စစ်ပွဲဟာ လေးနှစ်ကြာလာတဲ့နောက် လူဦးရေ ၅၅ သန်းရဲ့ တဝက်ဟာ ဆင်းရဲမွဲတေမှုနဲ့ ရင်ဆိုင်နေရသလို ငလျင်မတိုင်ခင်ကတည်းက လူပေါင်း ၃ ဒသမ ၅ သန်းဟာ နေရပ်စွန့်ခွာခဲ့ရပါတယ်။ FAO ရဲ့ ခန့်မှန်းချက်အရ ငလျင်ကြောင့် စစ်ကိုင်း၊ မန္တလေးနဲ့ မကွေးတိုင်းဒေသကြီးတွေအပြင် ရှမ်းပြည်နယ်မှာ စိုက်ပျိုးမြေ ဟက်တာ ၃ ဒသမ ၇ သန်းကျော် ထိခိုက်ခဲ့ပါတယ်။ ဒီဒေသတွေဟာ မြန်မာနိုင်ငံ ကောက်ပဲသီးနှံ ထုတ်လုပ်မှုရဲ့ သုံးပုံတပုံ၊ ပြောင်းဖူးထုတ်လုပ်မှုရဲ့ ၈၀ ရာခိုင်နှုန်းနီးပါးကို ပိုင်ဆိုင်ထားပါတယ်။ စိုက်ပျိုးမြေတွေ၊ သိုလှောင်ရုံတွေ၊ စိုက်ပျိုးရေးစက်ကိရိယာတွေ၊ ဆည်မြောင်းစနစ်တွေမှာ ပျက်စီးဆုံးရှုံးမှုတွေ အများအပြား ရှိခဲ့တယ်လို့ ကုလသမဂ္ဂအေဂျင်စီက ဆိုပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံရဲ့ ငါးလုပ်ငန်းနဲ့ မွေးမြူရေးလုပ်ငန်းတွေလည်း ထိခိုက်ခဲ့ပါတယ်။

တော်လှန်ရေးအင်အားစုတွေ ညီညွတ်မှုမရှိသေး

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ (EAOs) နဲ့ အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ အဖွဲ့တွေဟာ စစ်တပ်ကို တိုက်ခိုက်နေကြတာ မှန်ပေမဲ့ တကယ့် စည်းလုံးညီညွတ်မှု၊ မဟာမိတ်ဖွဲ့မှုတွေကို ပြသနိုင်ခြင်း မရှိသေးပါဘူး။ ဒီအချက်ကို သတိပြုမိဖို့ အရေးကြီးပါတယ်။ စစ်တပ်ဆန့်ကျင်ရေး အဖွဲ့တွေကြားမှာ လူတန်းစား၊ လူမျိုးစုနဲ့ အမျိုးသားရေးအမှတ်လက္ခဏာ စတဲ့ ရှုပ်ထွေးတဲ့ ကွဲပြားမှုတွေက ပုံဖော်ထားတဲ့ နက်ရှိုင်းတဲ့ အတွင်းပဋိပက္ခတခု ရှိနေပါတယ်။ ဗမာလူမျိုးအများစုက တော်လှန်ရေးကို စစ်တပ်အထက်တန်းလွှာကို ဆန့်ကျင်တဲ့ လူတန်းစားတိုက်ပွဲတခုအဖြစ် အဓိကမြင်ကြပေမဲ့ တိုင်းရင်းသား လူနည်းစုတွေကတော့ သူတို့ရဲ့ ယဉ်ကျေးမှုအမှတ်လက္ခဏာကို ကာကွယ်ဖို့နဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပိုရဖို့ ကြိုးပမ်းမှုတခုအဖြစ် မြင်ကြပါတယ်။ ဒီ ကွဲပြားတဲ့ အမြင်တွေဟာ ဆယ်စုနှစ်များစွာကြာ စစ်တပ်အုပ်ချုပ်မှု၊ ဗမာမှုပြုခြင်းနဲ့ ပြည်နယ်တွေကို ခွဲခြားဆက်ဆံတဲ့ ပေါ်လစီတွေကြောင့် ပိုဆိုးရွားလာခဲ့တဲ့ ဗမာလူမျိုးအများစုနဲ့ ဘေးဖယ်ထုတ်ခံ တိုင်းရင်းသားအုပ်စုတွေကြားက သမိုင်းတလျှောက် တင်းမာမှုတွေကို ထင်ဟပ်ပြသနေပါတယ်။ ဒါကြောင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ အဖွဲ့တွေကြားက ဒီတင်းမာမှုတွေဟာ မြန်မာစစ်တပ်ကို တိုက်ခိုက်ဖို့ဆိုတဲ့ ရိုးရှင်းတဲ့ ရည်မှန်းချက်ကလွဲပြီး တခြား တူညီတဲ့ နိုင်ငံရေးပန်းတိုင်တွေ မရှိကြပါဘူး။

ငလျင်မဖြစ်ခင်က စစ်တပ်ဟာ ကိုးကန့်တပ်မတော် (ဝါ) မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNTJP/MNDAA) နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) တို့လို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတချို့နဲ့ ဆွေးနွေးနေခဲ့ပါတယ်။ အဲဒီအဖွဲ့နှစ်ဖွဲ့စလုံးဟာ အင်အားကြီးတဲ့ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် ဦးဆောင်တဲ့ ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီရဲ့ အဖွဲ့ဝင်တွေ ဖြစ်ပါတယ်။

ဒါပေမဲ့ တခြားတဖက်မှာတော့ စစ်တပ်ဟာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို အသိအမှတ်ပြုဖို့၊ NUG လက်အောက်မှာ လှုပ်ရှားနေတဲ့ အဖွဲ့တွေ (အများစုဟာ ငလျင်ဒဏ်ခံခဲ့ရတဲ့ ဒေသနှစ်ခုမှာ လှုပ်ရှားနေကြတာဖြစ်ပါတယ်) နဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့၊ သူတို့ရဲ့ တောင်းဆိုချက်တွေကို အသိအမှတ်ပြုဖို့ အမြဲတစေ ငြင်းဆန်ခဲ့ပါတယ်။

စစ်တပ်ဟာ တော်လှန်ရေးအဖွဲ့တွေရဲ့ ပြည်သူအခြေပြု ဖက်ဒရယ်စနစ် တောင်းဆိုမှုတွေကို အမြဲတစေ လျစ်လျူရှုခဲ့ပြီး အမျိုးသားပြန်လည်ရင်ကြားစေ့ရေးအတွက် လက်တွေ့ကျတဲ့ ခြေလှမ်းတွေ လုပ်ဆောင်မယ်လို့လည်း ဘယ်တုန်းကမှ မပြောခဲ့ပါဘူး။ အဲဒီအစား စစ်ကောင်စီခေါင်းဆောင်က ဒီဇင်ဘာလမှာ ရွေးကောက်ပွဲတွေကို စီစဉ်ထားတဲ့အတိုင်း ဆက်လုပ်မယ်လို့ ကြေညာခဲ့ပါတယ်။ ဒါပေမဲ့ ခုခံတော်လှန်ရေးအဖွဲ့တွေကတော့ ဒီရွေးကောက်ပွဲဟာ လှည့်စားမှုတခုသာဖြစ်တယ်လို့ သတ်မှတ်ခဲ့ပါတယ်။ အခုလို ရွေးကောက်ပွဲတွေ ဆက်လုပ်ဖို့ပဲ ပြောဆိုနေတာဟာ စစ်တပ်အနေနဲ့ အဓိပ္ပာယ်ရှိတဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ လုပ်ဖို့ စိတ်ဝင်စားမှု မရှိသေးဘူးဆိုတာကို ညွှန်ပြနေပါတယ်။

MNDAA နဲ့ လက်ရှိ အပစ်အခတ်ရပ်စဲရေး အပါအဝင် လားရှိုးကို စစ်တပ်က ပြန်လည်ရရှိသွားတာဟာ စစ်တပ်ရဲ့ ငြိမ်းချမ်းရေးရလိုစိတ် အစစ်အမှန်ကြောင့် မဟုတ်ပါဘူး။ MNTJP/MNDAA အပေါ် တရုတ်နိုင်ငံရဲ့ ပြင်းထန်တဲ့ ဖိအားကြောင့်သာ ဖြစ်ပေါ်လာပုံရပါတယ်။ တကယ်တော့ ၂၀၂၂ ခုနှစ် နိုဝင်ဘာလမှာ စစ်တပ်နဲ့ အာရက္ခတပ်တော် (ULA/AA) တို့ကြားက လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အပစ်အခတ်ရပ်စဲရေး၊ ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှာ စစ်တပ်နဲ့ ညီနောင်သုံးဖွဲ့တို့ လက်မှတ်ရေးထိုးခဲ့တဲ့ ဟိုင်ဂင် သဘောတူညီချက် နှစ်ခုစလုံးဟာ တနှစ်အတွင်း ပျက်ပြယ်သွားခဲ့တာ မဟုတ်ပါလား။

APHR အချက်အလက်ရှာဖွေရေးအဖွဲ့

၂၀၂၅ ခုနှစ် ဧပြီ ၂၈ ရက်ကနေ မေ ၁ ရက်အထိ အာဆီယံ လွှတ်တော်အမတ်များ လူ့အခွင့်အရေးဆိုင်ရာအဖွဲ့ (APHR) ရဲ့ အချက်အလက်ရှာဖွေရေးအဖွဲ့ဟာ ထိုင်းနိုင်ငံ မဲဆောက်မြို့ကို သွားရောက်ခဲ့ပါတယ်။ အရင်ကတည်းက မဲဆောက်မြို့ဟာ နေရပ်စွန့်ခွာလာတဲ့ မြန်မာအသိုက်အဝန်းအတွက် လုံခြုံရာဖြစ်ခဲ့တာပါ။ ဒါပေမဲ့ အခုအခါမှာတော့ တရားမဝင် နေရပ်စွန့်ခွာလာသူတွေနဲ့ ဒုက္ခသည်အများအပြားကို ကာကွယ်စောင့်ရှောက်ပေးဖို့ ရုန်းကန်နေရပါတယ်။ ဝန်ပိနေတဲ့ အရပ်ဘက်လူ့အဖွဲ့အစည်းအဖွဲ့တွေ၊ တရားဝင်မဟုတ်တဲ့ ကျောင်းတွေနဲ့ ယာယီတဲတွေနဲ့ မဲဆောက်တကြော ပြည့်နှက်လို့နေပါတယ်။

ဒီအဖွဲ့ရဲ့ စုံစမ်းတွေ့ရှိချက်တွေအရ ထိုင်း-မြန်မာနယ်စပ်တလျှောက်မှာ စစ်တပ်ရဲ့ ဆက်လက်ရန်လိုမှုတွေ၊ လူသားချင်းစာနာထောက်ထားမှု အကူအညီ လျော့နည်းလာမှုတွေနဲ့ ဒေသတွင်း သံတမန်ရေးရာ တုံ့ဆိုင်းမှုတွေကြောင့် လူသားချင်းစာနာထောက်ထားမှုနဲ့ နိုင်ငံရေးအကျပ်အတည်း ပိုမိုဆိုးရွားလာနေတာကို ဖော်ထုတ်ပြသနေပါတယ်။

APHR က အာဆီယံနဲ့ အဖွဲ့ဝင်နိုင်ငံတွေကို အရေးတကြီး၊ ပြတ်ပြတ်သားသား တုံ့ပြန်ဆောင်ရွက်ဖို့ တောင်းဆိုထားပါတယ်။

  • ထိုင်းနိုင်ငံအနေနဲ့ မြန်မာနိုင်ငံက ဒုက္ခသည်တွေကို တရားဝင် အကာအကွယ်ပေးရပါမယ်။ အဲဒီအထဲမှာ အလုပ်အကိုင်၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာရေး၊ ကာကွယ်စောင့်ရှောက်မှုနဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ရရှိဖို့၊ နယ်စပ်ကို ဆက်လက်ဖွင့်ထားဖို့နဲ့ ဒုက္ခသည်တွေကို ဘေးကင်းစွာ ဖြတ်သန်းခွင့်ပြုရပါမယ်။
  • အာဆီယံအနေနဲ့ ပွင့်လင်းမြင်သာတဲ့ ငွေကြေးဖြန့်ဝေမှု၊‌ စောင့်ကြပ်မှု ပါဝင်တဲ့ ဒေသတွင်း နယ်စပ်ဖြတ်ကျော် အကူအညီပေးရေး ယန္တရားတခုကို တည်ထောင်ခြင်းဖြင့် ကျယ်ပြန့်တဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အဆောက်အအုံနဲ့ ရန်ပုံငွေကို အရေးပေါ် တည်ထောင်ရပါမယ်။ ဒီလိုလုပ်ဆောင်ရာမှာ စစ်ကောင်စီကို လုပ်ပိုင်ခွင့်ပေးလို့ မရပါဘူး။
  • အာဆီယံအနေနဲ့ မြန်မာစစ်တပ်နဲ့ လက်နက်ကိုင်အဖွဲ့အားလုံးကို အရပ်သားတွေကို တိုက်ခိုက်တာ၊ လူဦးရေထူထပ်တဲ့ ဒေသတွေမှာ ပေါက်ကွဲစေတတ်တဲ့ လက်နက်တွေကို ခွဲခြားမှုမရှိဘဲ အသုံးပြုတာတွေကို ရပ်တန့်ဖို့ စဉ်ဆက်မပြတ် ဖိအားပေးရပါမယ်။ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေနဲ့ လူ့အခွင့်အရေးဆိုင်ရာ တာဝန်ဝတ္တရားတွေကို လိုက်နာဖို့၊ အထူးသဖြင့် အရပ်သားတွေနဲ့ ဆေးရုံတွေ၊ ကျောင်းတွေလို အရပ်ဘက် အခြေခံအဆောက်အအုံတွေကို ကာကွယ်ဖို့ လိုအပ်ပါတယ်။
  • အာဆီယံအနေနဲ့ စစ်ကောင်စီကို တရားဝင် အစုအဖွဲ့ဝင်တရပ်အဖြစ် ဆက်ဆံတာကို ရပ်တန့်ပြီး မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအင်အားစုတွေ၊ တိုင်းရင်းသား အာဏာပိုင်တွေနဲ့ အရပ်ဘက် လူ့အဖွဲ့အစည်း အဖွဲ့ဝင်တွေနဲ့ တိုက်ရိုက်ဆက်ဆံရပါမယ်။

စစ်ကောင်စီဟာ ယနေ့အထိ အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ချက်ကို ဆက်လက် ချိုးဖောက်နေတုန်းပါပဲ။ ဒါဟာ တာဝန်ခံမှု၊ အားလုံးပါဝင်မှုနဲ့ အရပ်သားတွေကို ကာကွယ်မှုအပေါ် အခြေခံတဲ့ ဒေသတွင်း ချဉ်းကပ်မှုအသစ်တခု အရေးတကြီး လိုအပ်နေတယ်ဆိုတာ မီးမောင်းထိုးပြနေပါတယ်။ APHR ရဲ့ အမှုဆောင်ဒါရိုက်တာ ယွန်ယွန်း ဝါဟျူနင်ရမ်က “ဒါဟာ ထိုင်းနိုင်ငံရဲ့ ပြဿနာသက်သက် မဟုတ်တော့ပါဘူး၊ ဒါဟာ အာဆီယံရဲ့ အရေးပေါ်ကိုင်တွယ်ရမယ့် အကျပ်အတည်းတခု ဖြစ်လာပါပြီ။ ဆက်လက်ဖြစ်ပွားနေတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ၊ စနစ်တကျ ဖိနှိပ်မှုတွေနဲ့ လူသားချင်းစာနာထောက်ထားမှု လမ်းကြောင်းတွေကို အမြတ်ထုတ်နေတာတွေက စစ်ကောင်စီရဲ့ သရုပ်မှန်ကို ဖော်ပြနေပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီး “အာဆီယံရဲ့ ပြတ်ပြတ်သားသား ဆောင်ရွက်နိုင်စွမ်း မရှိတာဟာ စစ်ကောင်စီရဲ့ ပြစ်ဒဏ်ကင်းလွတ်ခွင့်ကို အားပေးရာရောက်နေပါတယ်။ ဝေဝါးတဲ့ သဘောတူညီချက်တွေအတွက် အချိန်မရှိတော့ပါဘူး။ အာဆီယံဟာ သူ့ကိုယ်သူ ပြန်လည်ဆန်းစစ်ဖို့ လိုအပ်နေပါပြီ။ တရားမျှတမှု၊ အရပ်သားတွေအပေါ် ကာကွယ်ပေးမှု၊ ဒီမိုကရေစီ ပြန်လည်ထူထောင်ရေးတို့နဲ့ ပတ်သက်တဲ့ သံခင်းတမန်ခင်း ကိစ္စတွေကို အာဆီယံဟာ အာရုံစိုက်ရပါမယ်။ ပြည်သူတွေရဲ့ အာဆီယံအပေါ် ယုံကြည်ကိုးစားနိုင်မှုဟာ ဒီအချက်အပေါ်မှာပဲ မူတည်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

တရုတ်နိုင်ငံရဲ့ မဟာဗျူဟာမြောက် တွက်ချက်မှု

မကြာခင်ဆို မိုးရာသီ ရောက်ရှိလာပါတော့မယ်။ အိုးအိမ်မဲ့ဖြစ်နေတဲ့ လူဦးရေ ၃ သန်းခွဲ ကျော်အတွက် ရှေ့ဆက်ရင်ဆိုင်ရမယ့် အခက်အခဲကြီးတွေ ရှိလာနိုင်တဲ့အကြောင်း အကူအညီပေးရေး အဖွဲ့တွေကလည်း သတိပေးနေကြပါတယ်။ ဒါပေမဲ့ မင်းအောင်လှိုင်ရဲ့ စစ်အုပ်စုကတော့ ဒီကိစ္စကို သိပ်ဂရုစိုက်ပုံမပေါ်ဘူး။ အာဆီယံ၊ တရုတ်နဲ့ ရုရှားတို့ဆီကနေ သံတမန်ရေးအရ ဆက်ဆံမှုကောင်းတွေ ရအောင် တည်ဆောက်ဖို့အတွက်သာ အာရုံစိုက်နေကြပါတယ်။

ငလျင်လှုပ်ပြီးကတည်းက တရုတ်နဲ့ ရုရှားတို့က အကူအညီတွေ အများကြီးပေးခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီအကူအညီအများစုကို စစ်အုပ်စုကတဆင့် ပေးတာမို့ စစ်ကောင်စီဟာ သူတို့သဘောနဲ့သူတို့ လုပ်ချင်သလို လုပ်နေပြီး ဘာမှ ပွင့်လင်းမြင်သာမှု မရှိဘူး။

မင်းအောင်လှိုင်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ဟာ မေလ ၉ ရက်နေ့က ရုရှားရဲ့ အောင်ပွဲနေ့ အခမ်းအနား တက်ရောက်ရင်း မော်စကိုမြို့မှာ တွေ့‌ဆုံခဲ့ကြပါတယ်။ ဒါဟာ အာဏာသိမ်းပြီးနောက် ပထမဆုံးအကြိမ် တွေ့ဆုံပွဲဖြစ်ပါတယ်။

မြန်မာ့အရေးနဲ့ပတ်သက်ရင် အစပိုင်းမှာ တရုတ်ရဲ့ ရပ်တည်ချက်က ရှင်းရှင်းလင်းလင်း မရှိခဲ့ပါဘူး။ တခါတလေဆိုရင် စစ်ကောင်စီထက် တော်လှန်ရေးအင်အားစုတွေရဲ့ အကျိုးစီးပွားကို ဦးစားပေးနေသယောင် ထင်ရပါတယ်။ ဒါပေမဲ့ မကြာသေးခင်က လုပ်ဆောင်ချက်တွေကို ကြည့်ခြင်းအားဖြင့် ပေကျင်းရဲ့ သဘောထား ရပ်တည်ချက်တွေကို ရှင်းရှင်းလင်းလင်း မြင်တွေ့လာရပါတယ်။

အရေးကြီးတာကတော့ တရုတ်နိုင်ငံအနေနဲ့ စစ်ကောင်စီဘက်ကို ရပ်တည်တာပဲဖြစ်ဖြစ်၊ တော်လှန်ရေး အင်အားစုဘက်ကို ရပ်တည်တာပဲဖြစ်ဖြစ် သာမန်ကိစ္စတခု မဟုတ်ပါဘူး။ ဒါဟာ ပိုပြီးကျယ်ပြန့်တဲ့ မဟာဗျူဟာမြောက် တွက်ချက်မှုတခုကို ထင်ဟပ်ဖော်ပြနေတာ ဖြစ်ပါတယ်။

ပေကျင်းရဲ့ ရှုထောင့်ကကြည့်ရင် နယ်မြေပိုင်းဆိုင်ရာ အစိတ်စိတ်အမြွှာမြွှာ ဖြစ်နေတဲ့ မြန်မာနိုင်ငံထက် နိုင်ငံရေးအရ မညီညွတ်တဲ့ မြန်မာနိုင်ငံကို ထိန်းချုပ်စီမံရတာ ပိုပြီးလွယ်ကူပါတယ်။ အင်အားချည့်နဲ့ပြီး စည်းလုံးမှုမရှိတဲ့ နိုင်ငံဟာ တရုတ်ရဲ့ ရေရှည်အကျိုးစီးပွားအတွက် ပိုကောင်းပါတယ်။ ဒါမှသာ တရုတ်နိုင်ငံဟာ နိုင်ငံပြိုကွဲတာ၊ ဒေသတွင်း မတည်ငြိမ်ဖြစ်တာတွေမရှိဘဲ လွှမ်းမိုးနိုင်မှာပါ။ တရုတ်အကြိုက်‌ဆုံး အခြေအနေကတော့ သူ့ရဲ့ မဟာဗျူဟာ အကျိုးစီးပွားကို အထောက်အကူပြုနိုင်လောက်အောင် နယ်မြေတည်မြဲပြီး သူ့ရဲ့လွှမ်းမိုးမှုကို ခံနိုင်ရည်မရှိလောက်အောင် အင်အားချည့်နဲ့နေတဲ့ မြန်မာနိုင်ငံ ဖြစ်နေစေဖို့ပါပဲ။

နောက်ထပ် အရေးကြီးတဲ့ အချက်တချက်ကတော့ မြန်မာနိုင်ငံအတွက် အဓိက ကိုးကားစရာ ဖြစ်လာနိုင်တဲ့ “တရုတ်နည်းတရုတ်ဟန် ပဋိပက္ခဖြေရှင်းရေးပုံစံ” တခု ပေါ်ပေါက်လာခြင်းပါပဲ။ အနောက်နိုင်ငံ အလှူရှင်တွေနဲ့ အစိုးရတွေဟာ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ နှစ်ပေါင်းများစွာကြာ အတော်ကလေး ရင်းနှီးမြှုပ်နှံခဲ့ကြပါတယ်။ အဲဒီရင်းနှီးမြှုပ်နှံမှုတွေထဲမှာ အပစ်အခတ်ရပ်စဲရေး စောင့်ကြည့်လေ့လာခြင်းအတွက် အားပေးတာ၊ ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်ဆောင်ရာမှာ ကူညီပံ့ပိုးပေးတာနဲ့ အဖွဲ့အစည်းယန္တရားတွေကို တည်ဆောက်တာတွေ ပါဝင်ပါတယ်။

ဒါပေမဲ့ ရလဒ်တွေက သိပ်ပြီး ထူးထူးခြားခြား မရှိခဲ့ပါဘူး။ ဒါပေမဲ့ တရုတ်နိုင်ငံကတော့ သူ့ရဲ့ ကိုယ်ပိုင်ပုံစံတခုကို တီထွင်နေပါပြီ။ အဲဒီပုံစံကတော့ ပြတ်ပြတ်သားသား ဝင်ရောက်ညှိနှိုင်းပေးတာ၊ အပစ်အခတ်ရပ်စဲရေးကို စောင့်ကြည့်ရာမှာ တိုက်ရိုက်ပါဝင်တာတွေပဲ ဖြစ်ပါတယ်။ မကြာသေးခင်က လားရှိုးလွှဲပြောင်းတဲ့ကိစ္စမှာ တရုတ်ရဲ့ ပါဝင်ပတ်သက်မှုက ဒီအချက်ကို သက်သေပြနေပါတယ်။ အကယ်၍ လားရှိုးလုပ်ငန်းစဉ်ဟာ ထိရောက်မှုရှိတယ်ဆိုရင် မြန်မာနိုင်ငံမှာ နောက်ဖြစ်လာမယ့် ပဋိပက္ခဖြေရှင်းနည်းအတွက် ရှေ့ပြေးပုံစံတခု ဖြစ်လာနိုင်ပါတယ်။ ပေကျင်းရဲ့ မဟာဗျူဟာမြောက် တွက်ချက်မှုတွေနဲ့ ပုံဖော်ခံရနိုင်ပါတယ်။

မင်းအောင်လှိုင်နဲ့ သူ့အပေါင်းအပါတွေ ကျရှုံးစေရမယ်

သြစတြေးလျ စီးပွားရေးပညာရှင် ရှောင်တာနယ်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD အစိုးရသက်တမ်းအတွင်း “စီးပွားရေး အထူးအကြံပေး” အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ သူ့ရဲ့ မကြာသေးခင်က ထွက်ရှိခဲ့တဲ့ “အကောင်းဆုံးစီမံကိန်းများ- ဒေါ်အောင်ဆန်းစုကြည်လက်ထက် မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးများ” ဆိုတဲ့ စာအုပ်မှာ အဲဒီကာလက အတွေ့အကြုံတွေကို ဖော်ပြထားပါတယ်။

သူဟာ ၂၀၁၆ ခုနှစ်ကနေ ၂၀၂၁ ခုနှစ် အာဏာသိမ်းတဲ့အချိန်အထိ အဲဒီတာဝန်ကို ထမ်းဆောင်ခဲ့ပါတယ်။ အာဏာသိမ်းပြီးနောက်မှာတော့ စစ်တပ်က သူ့ကို ဖမ်းဆီးခဲ့ပါတယ်။ ၂၀၂၂ ခုနှစ်နှောင်းပိုင်း ပြန်မလွတ်ခင်အထိ ရက်ပေါင်း ၆၅၀ ကြာ ထောင်ထဲမှာ နေခဲ့ရပါတယ်။ The Diplomat မဂ္ဂဇင်းမှာ Sebastian Strangio နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတခုမှာ သူဟာ စစ်တပ်ရဲ့ စီးပွားရေးချုပ်ကိုင်မှုကို လျှော့ချဖို့၊ မြန်မာနိုင်ငံရဲ့ အဖွဲ့အစည်းတွေကို စနစ်တကျဖြစ်အောင် လုပ်ဖို့၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို ဆွဲဆောင်ဖို့၊ အိမ်နီးချင်းနိုင်ငံတွေကို အမီလိုက်နိုင်ဖို့ စတဲ့ ရည်မှန်းချက်ကြီးမားတဲ့ ကြိုးပမ်းအားထုတ်မှုတွေအကြောင်း ပြန်ပြောပြထားပါတယ်။

“မကြာသေးခင်က ငလျင်‌ဘေးကို ကြည့်လိုက်ပါ။ စစ်ကောင်စီဟာ ငလျင်ဘေးကို အခွင့်ကောင်းယူပြီး ရက်စက်ယုတ်မာစွာ တုံ့ပြန်ခဲ့ပါတယ်။ ဒါဟာ လူတိုင်းကို၊ အထူးသဖြင့် နိုင်ငံတကာ အသိုက်အဝန်းကို သတိပေးခေါင်းလောင်း ထိုးလိုက်တာပါပဲ။ မြန်မာနိုင်ငံရဲ့ စစ်မှန်တဲ့ အခြေအနေ တိုးတက်မှုဆိုတာ မင်းအောင်လှိုင်နဲ့ သူ့ရဲ့အပေါင်းအပါတွေကို သူတို့အာဏာကနေ ဖယ်ရှားနိုင်မှပဲ ရရှိမှာပါ။ အဲဒီလို ဖြစ်လာမယ်လို့ ကျနော် ယုံကြည်ပါတယ်။ စစ်ကောင်စီဟာ ငွေကြေးလည်း ကုန်သွားပြီ။ အကြံဉာဏ်တွေလည်း ကုန်သွားပြီ။ သူတို့ရဲ့ အဆုံးသတ်ဟာ မကြာခင်မှာပဲ ရောက်ရှိလာမယ်လို့ ကျနော် မျှော်လင့်ယုံကြည်နေပါတယ်။”

ဂျန် ဆာဗေးစ်

(ဆောင်းပါးရှင် ဂျန်ဆာဗေးစ်ဟာ အမေရိကန်နိုင်ငံ၊ မက်ဆာချူးဆက်တက္ကသိုလ်မှာ ရေရှည်တည်တံ့တဲ့ လူမှုပြောင်းလဲမှုအတွက် ဆက်သွယ်ရေးဆိုင်ရာ UNESCO ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ဒါ့အပြင် ဩစတြေးလျ၊ ဘယ်လ်ဂျီယံ၊ တရုတ်၊ ဟောင်ကောင်၊ အမေရိကန်၊ နယ်သာလန်နဲ့ ထိုင်းနိုင်ငံတို့မှာ ‘နိုင်ငံတကာဆက်သွယ်‌ရေး’ ဘာသာရပ်ကို သင်ကြားခဲ့ပြီး နိုင်ငံပေါင်း ၅၅ နိုင်ငံက တက္ကသိုလ်ပေါင်း ၁၂၀ လောက်ရဲ့ ကာလတိုစီမံကိန်းတွေမှာလည်း ပါဝင်ခဲ့ပါတယ်။ ၂၀၂၀ ပြည့်နှစ်ထုတ် ‘ဖွံ့ဖြိုးတိုးတက်မှုနဲ့ လူမှုပြောင်းလဲမှုအတွက် ဆက်သွယ်ရေးလက်စွဲစာအုပ်’ နဲ့ ‘SDG18. လူအားလုံးအတွက် ဆက်သွယ်ရေး’ (အတွဲ ၂ တွဲ၊ ၂၀၂၃ ခုနှစ်) စာအုပ်တွေရဲ့ အယ်ဒီတာတယောက်လည်းဖြစ်ပါတယ်။) 

Ref: Eurasia Review

( Eurasia Review ဝက်ဆိုက်တွင် ဆောင်းပါးရှင်  Jan Servaes ရေးသားထားသည့် “Myanmar Is Reeling From Devastating Earthquake, But Military Junta More Concerned With Its Own Survival” ဆောင်းပါးကို ဘာသာပြန်ဆိုဖော်ပြသည်။)

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024