Home
ဆောင်းပါး
ပြည်သူ့ဆန့်ကျင်မှုကိုသာ ပိုမိုရရှိဦးမယ့် စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ
DVB
·
May 17, 2025
Photo: CINCDS

၂၀၂၅ ခုနှစ် ဒီဇင်ဘာ ဒုတိယလဝက်နဲ့ ၂၀၂၆ ဇန်နဝါရီ ပထမလဝက်အတွင်း ပါတီစုံရွေးကောက်ပွဲတွေ ကျင်းပဖို့ အစီအစဉ်ရှိကြောင်း ၂၀၂၅ ခုနှစ် ဧပြီ ၈ ရက်နေ့မှာ စစ်ကောင်စီက ပြန်လည်အတည်ပြုခဲ့ပါတယ်။ နိုင်ငံရေးပါတီတွေကိုလည်း ၂၀၂၅ မေလ ၉ ရက်နေ့ နောက်ဆုံးထားပြီး မှတ်ပုံတင်ကြဖို့ ဆော်ဩထားပါတယ်။

ဒီလိုကြေညာချက်ထုတ်ပြန်ခဲ့ပေမဲ့ မြန်မာနိုင်ငံဟာ ဒီမိုကရေစီလမ်းကြောင်းနဲ့ ဝေးကွာနေဆဲဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ စစ်တပ်က အာဏာသိမ်းပြီး ၂၀၂၀ အထွေထွေရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်လိုက်ကတည်းက စစ်ကောင်စီဟာ မြန်မာနိုင်ငံနဲ့ သံတမန်ဆက်ဆံရေးရှိနေတဲ့ နိုင်ငံတကာအသိုက်အဝန်းကို ချော့မြှူဖို့အတွက် ရွေးကောက်ပွဲ ကျင်းပပေးမယ်လို့ အကြိမ်ကြိမ်အထပ်ထပ် ကတိပေးခဲ့ပါတယ်။ မကြာသေးခင်က ကျင်းပခဲ့တဲ့ ၂၀၂၅ ဘင်္ဂလားပင်လယ်အော်ဒေသတွင်း ဘက်စုံနည်းပညာနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (BIMSTEC) ထိပ်သီးအစည်းအဝေးမှာလည်း တနိုင်ငံချင်းစီနဲ့ တွေ့ဆုံရာမှာ ဒီကတိကိုပဲ ထပ်မံပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ တချိန်တည်းမှာ စစ်ကောင်စီဟာ နိုင်ငံတွင်းက နိုင်ငံရေးအတိုက်အခံအဖွဲ့တွေကို နှုတ်ဆိတ်စေဖို့ ဒါမှမဟုတ် ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ခွင့်မရစေဖို့အတွက် လုပ်ဆောင်နေပါတယ်။ လက်ရှိ ဥပဒေတွေနဲ့ စည်းမျဉ်းမူဘောင်တွေအောက်မှာသာ ရွေးကောက်ပွဲ ကျင်းပခဲ့မယ်ဆိုရင် လွတ်လပ်ပြီး တရားမျှတဲ့ ရွေးကောက်ပွဲ ဖြစ်မလာနိုင်ပါဘူး။ ပြည်သူ‌တွေရဲ့ ပိုမို မကျေနပ်မှုတွေပဲ ပေါ်ထွက်လာဖို့ရှိပါတယ်။ အဲဒီအချက်နဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းတွေ၊ မဟာဗျူဟာမိတ်ဖက်တွေအနေနဲ့ သတိထားဖို့လိုအပ်ပါတယ်။ ရွေးကောက်ပွဲတွေကို  နိုင်ငံတည်ငြိမ်မှု မြန်မြန်ရရှိ‌စေမယ့် နည်းလမ်းတခုအဖြစ် ရှုမြင်နိုင်ပါတယ်။ ဒါပေမဲ့ စစ်ကောင်စီရဲ့ မမျှတတဲ့ ရွေးကောက်ပွဲလုပ်ငန်းစဉ်ကို ထောက်ခံပြီး စစ်ကောင်စီကို မတန်မရာတရားဝင်မှု မပေးမိဖို့တော့ လိုအပ်ပါတယ်။

လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတွေ ကျင်းပဖို့ ထုတ်ဖော်ပြောကြားခြင်း

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အရေးပေါ်အခြေအနေ ရုပ်သိမ်းပြီး ခြောက်လအကြာမှာ ရွေးကောက်ပွဲတွေ ကျင်းပရမှာဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီဟာ အရေးပေါ်အခြေအနေအရဆိုပြီး တိုင်းပြည်ကို အုပ်ချုပ်နေပါတယ်။ အဆိုပါ အရေးအပေါ် အခြေနေဆိုတာကိုလည်း လက်ရှိ ပြည်တွင်းစစ်ကိုအကြောင်းပြပြီး ထပ်ခါထပ်ခါ သက်တမ်းတိုးနေဆဲ ဖြစ်ပါတယ်။  နောက်ဆုံးသက်တမ်းတိုးခဲ့တာကတော့ ၂၀၂၅ ခုနှစ် ဇန်နဝါရီလဖြစ်ပြီး ဇူလိုင်လမှာ သက်တမ်းကုန်မှာပါ။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အရေးပေါ် အုပ်ချုပ်ရေး ပြီးဆုံးသွားတဲ့အခါ နိုင်ငံတော်အာဏာကို အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (NDSC) ကို ပြန်လွှဲပြောင်းပေးရမှာပါ။ ပြီးရင် ရွေးကောက်ပွဲကျင်းပပေးရမှာ ဖြစ်ပါတယ်။

အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ (NDSC) ကို ၂၀၁၁ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ NDSC ကို အမျိုးသားလုံခြုံရေး ကိစ္စရပ်တွေ ကြီးကြပ်ဖို့သာမက စစ်အုပ်ချုပ်ရေးကနေ အရပ်သားအသွင်ဆောင်တဲ့ အစိုးရအသွင်ကူးပြောင်းမှုအဖြစ် ဖော်ပြခဲ့ကြပါတယ်။ ဒါ‌ပေမဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၀၁ အရ  အမျိုးသားလုံခြုံရေးကောင်စီရဲ့ အဖွဲ့ဝင် ၁၁ ဦးမှာ စစ်တပ် (သို့မဟုတ်) စစ်တပ်က အမည်စာရင်းတင်သွင်းထားတဲ့ အရာရှိ ၆ ဦးနဲ့ အရပ်သား ၅ ဦး ပါဝင်ပါတယ်။ ဒါဟာ စစ်တပ်ရဲ့လွှမ်းမိုးမှုကို ဖော်ပြနေတာလည်းဖြစ်ပါတယ်။ အာဏာသိမ်းပြီးနောက် ဒုတိယသမ္မတ မြင့်ဆွေ (ကြည်းတပ်အရာရှိဟောင်းနဲ့ ကြံ့ခိုင်ရေးပါတီအဖွဲ့ဝင်တဦး) ဟာ မြန်မာနိုင်ငံရဲ့ ယာယီသမ္မတ ဖြစ်လာတဲ့အတွက် ကောင်စီရဲ့ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၂၄ ခုနှစ် ဇူလိုင်လမှာ မြန်မာ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ စစ်ကောင်စီဥက္ကဋ္ဌ မင်းအောင်လှိုင်ဟာ ယာယီသမ္မတရာထူးကို ရယူခဲ့ပါတယ်။ ဒါကြောင့် အရေးပေါ်ကာလ သက်တမ်းထပ်တိုးဖို့နဲ့ ဥပဒေကို သူ့စိတ်တိုင်းကျ ပြင်ဆင်ဖို့ အခွင့်အာဏာ ရရှိသွားခဲ့ပါတယ်။

စစ်တပ်အာဏာကို အဲ့သလို ကျစ်လစ်ခိုင်မာစွာစုစည်းထားတဲ့ အခြေအနေတွေကြားမှာ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ ကျင်းပဖို့ ဆုံးဖြတ်ချက်ဟာ မဟာဗျူဟာပိုင်းဆိုင်ရာ အကြောင်းအချက်တွေကြောင့် ဖြစ်ပုံရပါတယ်။ စစ်မြေပြင်က စစ်တပ်ရဲ့ ဆုတ်ယုတ်မှုတွေနဲ့ ရင်ဆိုင်စိန်ခေါ်မှုတွေကို ထည့်တွက်ရင် အရေးပေါ်အုပ်ချုပ်ရေးကို နောက်ထပ် ၆ လသက်တမ်းတိုးတာဟာ နိုင်ငံတကာရဲ့ ဝေဖန်မှုတွေကို ပိုမိုပြင်းထန်စေသလို တော်လှန်ရေးတပ်ဖွဲ့တွေကို စည်းလုံးသွားစေနိုင်ပါတယ်။ စစ်ကောင်စီဟာ ရွေးကောက်ပွဲတွေကို ဒီမိုကရေစီအသွင်ကူးပြောင်းရေးခြေလှမ်းတရပ်အဖြစ် ဖော်ပြပြီး နိုင်ငံတကာရဲ့ ဖိအားနဲ့ ဝေဖန်မှုတွေကို လျှော့ချနိုင်ဖို့ မျှော်လင့်နေပုံရပါတယ်။ ဒီရည်ရွယ်ချက်ကြောင့် မင်းအောင်လှိုင်ဟာ နိုင်ငံခြားခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးတဲ့အခါ “လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတွေ” ကျင်းပမယ်လို့ ကတိပေးခဲ့တာပါ။ ဒါ့အပြင် စစ်ကောင်စီဟာ တိုင်းရင်းသားပါတီငယ်တွေကို  ရွေးကောက်ပွဲဝင်ဖို့ တိုက်တွန်းအားပေးပြီး တော်လှန်ရေးတပ်ဖွဲ့တွေအကြား ကွဲပြားမှုတွေဖြစ်ပေါ်လာစေရန် ရွေးကောက်ပွဲကိုအသုံးချဖို့ ရည်ရွယ်ထားဟန်တူပါတယ်။

မမျှတတဲ့ ပြိုင်ပွဲ

မင်းအောင်လှိုင်က သူ့ရဲ့နှစ်သစ်ကူးမိန့်ခွန်းမှာ နိုင်ငံသားတွေအနေနဲ့ စစ်ကောင်စီပြုလုပ်မယ့် ရွေးကောက်ပွဲတွေကို ထောက်ခံပါဝင်ကြဖို့ တောင်းဆိုခဲ့ပါတယ်။ ဒါ့အပြင်  ရွေးကောက်ပွဲဟာ  ပါတီစုံဒီမိုကရေစီစနစ် အသွင်ကူးပြောင်းမှုရဲ့ အစိတ်အပိုင်းတခုဖြစ်တဲ့အကြောင်း ပုံဖော် ပြောကြားခဲ့ပါတယ်။ စစ်ကောင်စီဟာ လာမယ့်ရွေးကောက်ပွဲမှာ အစဉ်အလာ စက္ကူမဲပုံးတွေအစား မဲပေးစက်တွေနဲ့ အစားထိုးဖို့ စီစဉ်ထားကြောင်း ကြေညာခဲ့ပါတယ်။ ဒါ့အပြင် တိုင်းရင်းသားအုပ်စုတွေနဲ့ အလွှာအသီးသီးက ကိုယ်စားလှယ်တွေ ကိုယ်စားပြု ပါဝင်လာနိုင်ဖို့ သက်ဆိုင်ရာ လွှတ်တော်အသီးသီးမှာ အချိုးကျကိုယ်စားပြုစနစ်ကို အသုံးပြုမယ်လို့ စစ်ကောင်စီဥက္ကဋ္ဌက ကတိပေးထားပါသေးတယ်။

ဒီလို ကတိတွေပေးထားပေမဲ့  မကြာသေးခင်က စစ်တပ်ရဲ့ လုပ်ဆောင်ချက်တွေကြောင့် လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်လာဖို့ အလားအလာမရှိပါဘူး။ စစ်ကောင်စီဟာ ပါတီအတော်များများကို ရွေးကောက်ပွဲမှာ ပါဝင်ခွင့်မရအောင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ဥပဒေကို ပြင်ဆင်ခဲ့ပါတယ်။ ဥပမာပြရရင် ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှာ ဥပဒေပြင်ဆင်ချက်အသစ်တွေအရ ရွေးကောက်ပွဲဝင်ပြိုင်တဲ့ ပါတီတွေအနေနဲ့ မှတ်ပုံတင်ပြီး သုံးလအတွင်း ငွေကြေးရန်ပုံငွေ ကျပ်သန်း ၁၀၀ (အမေရိကန်ဒေါ်လာ ၄၅,၀၀၀ ဝန်းကျင်) ရရှိဖို့၊ အနည်းဆုံး အဖွဲ့ဝင် ၁၀၀,၀၀၀ ရှိဖို့ လိုအပ်ပါတယ်။ ဒါဟာ ၂၀၂၀ ရွေးကောက်ပွဲတုန်းက သတ်မှတ်ထားတာထက် အဆ ၁၀၀ ပိုများနေပါတယ်။ ဒါဟာ အရင်းအမြစ် အကန့်အသတ်ပဲရှိတဲ့ ပြိုင်ဘက် နိုင်ငံရေးပါတီတွေနဲ့ ဒေသဆိုင်ရာ တိုင်းရင်းသားပါတီတွေကို ယှဉ်ပြိုင်ခွင့်မရအောင် လုပ်ဆောင်လိုက်တာဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲအဖွဲ့အစည်းဖြစ်တဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ကလည်း ဆိုခဲ့ပါသတ်မှတ်ချက်တွေမပြည့်မီတာ၊ ဥပဒေသစ်အောက်မှာ မှတ်ပုံတင်ဖို့ ငြင်းဆန်တာကြောင့် ၂၀၂၀ ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ခဲ့တဲ့ ပါတီ ၉၀ အနက် ၄၀ ကို ဖျက်သိမ်းပြီးပါပြီ။ အဲဒီအထဲမှာ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီလည်း ပါဝင်ပါတယ်။ ရခိုင်အမျိုးသားပါတီ၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးပါတီလိုမျိုး တိုင်းရင်းသား နိုင်ငံရေးပါတီအတော်များများကိုလည်း  ဒီဥပဒေသစ်အရ ပိတ်ပင်ခဲ့ပါတယ်။ တဖက်မှာလည်း ဥပဒေသစ်အောက်မှာ မှတ်ပုံတင်ပြီး လာမယ့်ရွေးကောက်ပွဲမှာ ပါဝင်ခွင့်ရထားတဲ့ ပါတီတွေလည်းရှိနေပါတယ်။ ပါတီပေါင်း ၆၃ ပါတီလို့ သိရပြီး  တော်တော်များများဟာ စစ်တပ်နဲ့ ဆက်နွှယ်မှုရှိနေတဲ့အဖွဲ့တွေ ဖြစ်ပါတယ်။  စစ်ကောင်စီရဲ့ ဒီလုပ်ဆောင်ချက်တွေအားလုံးကို ကြည့်လိုက်မယ်ဆိုရင် ၂၀၂၁ အာဏာသိမ်းပြီးကတည်းက မြန်မာနိုင်ငံမှာ ဒီမိုကရေစီမူဝါဒတွေ ဘယ်လောက်အထိ ယိုယွင်းပျက်စီးသွားပြီလဲဆိုတာ ဖော်ပြနေပါတယ်။

စစ်ပွဲဒဏ်ခံနေရတဲ့ နိုင်ငံမှာ ရွေးကောက်ပွဲကျင်းပဖို့  အခက်အခဲတွေနဲ့အတူ ဥပဒေကန့်သတ်ချက် အသစ်တွေဟာ တပြိုင်နက်တည်း ဖြစ်ပေါ်လာတာပါ။ ရွေးကောက်ပွဲကျင်းပဖို့အတွက် ရှေ့ပြေးခြေလှမ်းအဖြစ် စစ်ကောင်စီဟာ ပြီးခဲ့တဲ့နှစ်မှာ တနိုင်ငံလုံး သန်းခေါင်စာရင်း ကောက်ယူခဲ့ပါတယ်။ ဒါပေမဲ့ စစ်တပ်ဟာ မြန်မာနိုင်ငံရဲ့ နယ်မြေ ၅၀ ရာခိုင်နှုန်းအောက်ကိုသာ ထိန်းချုပ်ထားနိုင်တော့တာကြောင့် သန်းခေါင်စာရင်းဟာလည်း တနိုင်ငံလုံးက မြို့နယ် ၃၃၀ အနက် ၁၄၅ မြို့နယ်ကိုသာ လွှမ်းခြုံနိုင်ခဲ့ပါတယ်။ တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ အရပ်သားတွေက ရွေးကောက်ပွဲအာဏာပိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ငြင်းဆန်ခဲ့ပါတယ်။ ဒီစိန်ခေါ်မှုတွေကို ကျော်လွှားဖို့ မင်းအောင်လှိုင်ဟာ စစ်တပ်ထိန်းချုပ်ထားတဲ့ ဒေသတွေမှာ ရွေးကောက်ပွဲတွေ စတင်ကျင်းပပေးမယ်လို့ ကတိပေးခဲ့တာဖြစ်ပါတယ်။

အိမ်နီးချင်းတွေအနေနဲ့ စစ်ကောင်စီရဲ့ တရားဝင်မှုကို ငြင်းပယ်သင့်တယ်

စစ်‌ကောင်စီကျင်းပမယ့်‌ ရွေးကောက်ပွဲမှာ အတိုက်အခံပါတီတွေအနေနဲ့ များများစားစား ဝင်ရောက်ယှဉ်ပြိုင်ကြမှာ မဟုတ်သလို လွတ်လပ်မှုလည်း မရှိလှပါဘူး။ ဒါ‌ပေမဲ့ စစ်ကောင်စီကတော့ ရွေးကောက်ပွဲကို ဆက်လက်ကျင်းပဖို့ အလားအလာရှိနေပါတယ်။ မြန်မာနိုင်ငံမှာ အတိုက်အခံပါတီတွေ မပါဝင်ဘဲ ရွေးကောက်ပွဲတွေ ကျင်းပခဲ့တဲ့ သမိုင်းကြောင်းရှိပါတယ်။ အနီးစပ်ဆုံးကတော့ ၂၀၁၀ ရွေးကောက်ပွဲ ဖြစ်ပါတယ်။ စစ်တပ်ဟာ အခုလို ရွေးကောက်ပွဲကနေတဆင့် တရားဝင်မှုရယူပြီး နိုင်ငံတကာရဲ့ ဝေဖန်မှုတွေကို တုံ့ပြန်မှာဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းတွေဖြစ်တဲ့ အိန္ဒိယ၊ တရုတ်နဲ့ ထိုင်းနိုင်ငံတို့ဟာ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာတဲ့ နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းဖို့ စစ်ကောင်စီကို တိုက်တွန်းနေပါတယ်။ ၂၀၂၃ ခုနှစ် အောက်တိုဘာလမှာ စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးကြောင့် နယ်စပ်ဖြတ်ကျော် မတည်ငြိမ်မှုတွေ ပိုမိုပြင်းထန်လာပြီးတဲ့နောက် ဒီတိုက်တွန်းမှုဟာ ပိုပြီး အရေးတကြီးဖြစ်လာပါတယ်။ စစ်ကောင်စီဟာ သူတို့လုပ်မယ့် ရွေးကောက်ပွဲတွေကို နိုင်ငံရေးအဖြေရှာမယ့် လမ်းကြောင်းတခုအဖြစ် နိုင်ငံတကာကို ပုံဖော်တင်ပြထားပါတယ်။ အဲဒီလိုတင်ပြတဲ့အခါ အိမ်နီးချင်းနိုင်ငံတွေဟာ သူတို့ရဲ့ မဟာဗျူဟာအကျိုးစီးပွားတွေအရ မတူညီတဲ့ ထောက်ခံမှုအသီးသီးကို ပြသခဲ့ကြပါတယ်။ တရုတ်နိုင်ငံက "အားလုံးပါဝင်တဲ့ ရွေးကောက်ပွဲ" ကို ထောက်ခံတယ်လို့ ပြောဆိုခဲ့ပါတယ်။ စစ်တပ်ကို မြန်မာနိုင်ငံ တည်ငြိမ်ရေးအတွက် အဓိကအာမခံသူအဖြစ်သာမက မြန်မာနိုင်ငံမှာရှိတဲ့ တရုတ်စီးပွားရေး အကျိုးစီးပွားတွေကို ကာကွယ်သူအဖြစ်ပါ တရုတ်က ရှုမြင်ပါတယ်။ အိန္ဒိယနိုင်ငံက သူတို့ရဲ့မစွက်ဖက်ရေး မူဝါဒကိုလိုက်နာပြီး "မြန်မာဦးဆောင်တဲ့" ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လိုအပ်ကြောင်း အလေးထား ပြောကြားခဲ့ပါတယ်။ ထိုင်းနိုင်ငံကလည်း အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) ရဲ့ မူဘောင်နဲ့အညီ လုပ်ဆောင်ကြဖို့နဲ့ ပြည်တွင်း အစုအဖွဲ့အားလုံး ပါဝင်ရေးရဲ့ အရေးပါမှုကို အလေးထား ပြောကြားခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ယာယီအစိုးရကလည်း စစ်ကောင်စီရဲ့ ရွေးကောက်ပွဲအစီအစဉ်ကို ထောက်ခံတာ၊ ကန့်ကွက်တာနဲ့ ပတ်သက်ပြီး တရားဝင် ထုတ်ပြန်တာမျိုး မပြုလုပ်သေးပါဘူး။ အရေးကြီးတာက အိမ်နီးချင်းနိုင်ငံတွေအားလုံးဟာ လက်ရှိအခြေအနေကို မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးပြဿနာတခုအဖြစ် ရှုမြင်နေကြပါတယ်။ မြန်မာ့အရေးကို ဖြေရှင်းဖို့ စစ်ကောင်စီကို တိုက်တွန်းနေကြပေမဲ့ တိုက်ရိုက် စွက်ဖက်ဖို့ ဝန်လေးနေကြတဲ့အချက်ပဲဖြစ်ပါတယ်။

အခုလို အိမ်နီးချင်းနိုင်ငံတွေရဲ့ လက်ရှောင်တဲ့ ချဉ်းကပ်မှုမျိုးဟာ မြန်မာနိုင်ငံ အကျပ်အတည်းအတွက် ရေရှည်တည်တံ့ပြီး ငြိမ်းချမ်းတဲ့ ဖြေရှင်းမှုမျိုးဖြစ်မလာနိုင်ပါဘူး။ စစ်တပ်ဟာ တော်လှန်ရေးတပ်ဖွဲ့တွေဆီ ဆုံးရှုံးသွားတဲ့ နယ်မြေတွေကို ပြန်လည်ရယူဖို့ အသည်းအသန်ကြိုးပမ်းနေရပါတယ်။ ဒီလိုအချိန်မှာမှ  BIMSTEC လို တရားဝင် ထိပ်သီးအစည်းအဝေးမှာ စစ်ကောင်စီဥက္ကဋ္ဌကို လက်ခံကြိုဆိုခဲ့တာမျိုးဟာ နားလည်မှု လွဲသွားစေနိုင်တဲ့ လုပ်ရပ်တခုဖြစ်ပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းတွေဟာ စစ်ကောင်စီပြုလုပ်မယ့် ရွေးကောက်ပွဲတွေကို ထောက်ပံ့မှုပေးတဲ့အခါ သတိကြီးကြီးထားသင့်ပါတယ်။ မမျှတတဲ့၊ အကန့်အသတ်တွေများတဲ့ ရွေးကောက်ပွဲတခုဟာ ပိုမိုရှုပ်ထွေးမှုတွေကို သယ်ဆောင်လာနိုင်ပါတယ်။ ဒါတင်မက မြန်မာပြည်သူတွေကြား ပိုမို မကျေနပ်မှုတွေသာ ဖြစ်ပေါ်လာစေပါလိမ့်မယ်။

လက်ရှိအချိန်အထိ စစ်ကောင်စီဟာ စစ်မှန်တဲ့ ပြန်လည်ရင်ကြားစေ့ရေးလုပ်ငန်းစဉ်ကို ကတိကဝတ်ပြုကြောင်း ပြည်သူတွေကို အာမခံဖို့ ပျက်ကွက်နေဆဲဖြစ်ပါတယ်။ ဥပမာအားဖြင့်  ရစ်ခ်ျတာစကေး ၇ ဒသမ ၇ အဆင့်ရှိတဲ့ ငလျင်ကြီးလှုပ်ခတ်ပြီး ရက်အနည်းငယ်အကြာမှာတင်   လေကြောင်းတိုက်ခိုက်မှုတွေကို စစ်တပ်က ပြုလုပ်ခဲ့ပါတယ်။ ဒီလိုအခြေအနေတွေအောက်မှာ စစ်ကောင်စီနဲ့ သံတမန်ရေးအရ ဆက်ဆံနေတဲ့  အိန္ဒိယ၊ တရုတ်၊ ထိုင်းနဲ့ ဘင်္ဂလားဒေ့ရှ်တို့လို အိမ်နီးချင်းနိုင်ငံတွေဟာ စစ်ကောင်စီရဲ့ တရားဝင်မှုကင်းမဲ့နေတာကို သိမှတ်နားလည်သင့်ပါတယ်။ ရွေးကောက်ပွဲတွေကျင်းပတာကို လက်ခံတယ်ဆိုတာထက် အဲ့ဒီ ရွေးကောက်ပွဲတွေဟာ ဘယ်လောက်မျှတပြီး ဘယ်အတိုင်းအတာအထိ နည်းမှန်လမ်းမှန်ဖြစ်သလဲဆိုတာကိုပါ လေးလေးနက်နက် စဉ်းစားကြဖို့ သင့်ပါတယ်။

အော့ဖီလီရာ ယမ်လမ်ဘမ်

Ref: South Asian Voices

(South Asian Voices ဝဘ်ဆိုက်တွင်  ဆောင်းပါးရှင် Ophelia Yumlembam ရေးသားထားသည့် “Myanmar’s Planned Elections Risk Breeding More Resentment” ဆောင်းပါးကို ဘာသာပြန်ဆို ဖော်ပြသည်။

ဆောင်းပါးရှင် Ophelia Yumlembam သည် နယူးဒေလီမြို့အခြေစိုက် တရုတ်နှင့် အာရှဒေသဆိုင်ရာ သုတေသနအဖွဲ့အစည်း (ORCA)မှ သုတေသီတဦးဖြစ်ပြီး ဒေလီတက္ကသိုလ် နိုင်ငံရေးသိပ္ပံဌာနတွင်လည်း တာဝန်ထမ်းဆောင်ခဲ့ဖူးသူဖြစ်သည်။ )

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024