DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်းက Non-CDM ဆရာ၊ ဆရာမများ PDF များကို မကူညီရန် စစ်ကောင်စီ သတိပေး
DVB
·
May 18, 2025
ဧရာဝတီတိုင်းက Non-CDM ဆရာ၊ ဆရာမများ PDF များကို မကူညီရန် စစ်ကောင်စီ သတိပေး
Donate to DVB

ဧရာဝတီတိုင်းက Non-CDM ဆရာ၊ ဆရာမတွေအနေနဲ့ PDF တွေကို ဆက်သွယ်ကူညီထောက်ပံ့တာ မလုပ်ဖို့နဲ့ လုပ်ရင် အရေးယူခံရမယ်လို့ စစ်ကောင်စီရဲ့ တိုင်းအစိုးရအဖွဲ့က ပညာရေးမှူးရုံးတွေကို သတိပေးညွှန်ကြားစာ ပေးပို့ထားတယ်လို့ ပညာရေး အသိုင်းအဝိုင်းဆီကနေ သိရပါတယ်။

ဧရာဝတီတိုင်းထဲမှာ PDF တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲအရှိန်မြင့်လာတာ၊ PDF နဲ့ တော်လှန်ရေး ပူးပေါင်းတပ်တွေ နယ်မြေစိုးမိုးမှုရှိလာတာကြောင့် တိုက်ပွဲတွေဖြစ်နေတဲ့ ဒေသတွေအပါအဝင် တိုင်း၊ ခရိုင်၊ မြို့နယ်ပညာရေးမှူးရုံးတွေကို မေ ၁၅ ရက်ကစလို့ တိုင်းအစိုးရအဖွဲ့ရုံးကနေ စာထုတ်တာလို့ ဆိုပါတယ်။

PDF အပါအဝင် ဘယ်လက်နက်ကိုင် အဖွဲ့အစည်းတွေမဆို Non-CDM ဆရာ၊ ဆရာမတွေအနေနဲ့ ကူညီထောက်ပံ့တာတွေမလုပ်ဖို့၊ PDF သတင်းရရှိရင် အ​ကြောင်းကြားဖို့နဲ့ ကူညီထောက်ပံ့ ဆက်သွယ်တာတွေလုပ်ရင် အပြင်းအထန်အရေးယူသွားမယ်လို့ ဖော်ပြထားကြောင်းလည်း ဆိုပါတယ်။

ပုသိမ် ပညာရေးမှူးရုံးနဲ့ နီးစပ်သူ တယောက်က “ဧရာဝတီတိုင်းမှာက အဓိက တိုက်ပွဲတွေ အရှိန်မြင့်လာတာနဲ့ PDF တွေ၊ AA တပ်တွေ နယ်မြေစိုးမိုးမှု ရှိလာတာကြောင့် ဆရာ၊ ဆရာမတွေ ပူးပေါင်းမှာစိုးရိမ်ပြီး အခုလို ရုတ်တရက် ညွှန်ကြားတဲ့အထိလုပ်လာတာ။ စကစ အနေနဲ့က သူ့ဆီမှာ အမှုထမ်းလုပ်နေတဲ့ ဆရာ၊ ဆရာမတွေကိုပါ မယုံကြည်တာပေါ့” လို့ ပြောပါတယ်။

ဧရာဝတီတိုင်းထဲက သာပေါင်း၊ အင်္ဂပူ၊ လေးမျက်နှာ၊ ရေကြည်၊ ငါးသိုင်းချောင်း၊ ဟင်္သာတ၊ ပုသိမ် စတဲ့မြို့၊ မြို့နယ်တွေထဲကကျေးရွာတွေမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ် PDF၊ အာရက္ခတပ်တော် AA တို့ လက်ရှိအချိန်အထိ တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ သိရပါတယ်။

Non - CDM ကျောင်းဆရာမတ​ယောက်က “အဓိက ကတော့ နယ်မြေစိုးမိုးတာတွေများလာရင် ဝန်ထမ်းတွေက PDF တွေနဲ့ ပူးပေါင်းလိမ့်မယ်လို့ စကစဘက်က ယူဆထားတာ သေချာတယ်လေ။ ဒါ့ကြောင့်ကြိုကာကွယ်နေတာပေါ့။ မန္တလေးတိုင်းက ကထိကဆရာမက သူ့ဆန္ဒနဲ့သူ တော်လှန်ရေးတပ်တွေနဲ့ ပူးပေါင်းသွားတာလို့ သူတို့(စစ်ကောင်စီ)  ဘက်က ယူဆထားတာ” လို့ ပြောပါတယ်။

ဧရာဝတီတိုင်းထဲက လေးမျက်နှာ၊ သာပေါင်း၊ အင်္ဂပူ၊ ငါးသိုင်းချောင်း၊ ပုသိမ် စတဲ့မြို့နယ်တွေထဲက ကျေးရွာတချို့ကို တော်လှန်ရေးတပ် PDF နဲ့ ပူးပေါင်းအဖွဲ့တွေက သိမ်းယူထိန်းချုပ်ထားတယ်လို့ ဒေသခံတွေနဲ့ စစ်ရေးသတင်းရင်းဖြစ်တွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ပထမအပတ်ကလည်း ရေကြည်မြို့နယ်က အလယ်တန်းပြ ကျောင်းဆရာမနဲ့ အမျိုးသားကို PDF ထောက်ပို့လို့ စစ်ကောင်စီတပ်က စွပ်စွဲဖမ်းဆီးခဲ့သေးတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013