DVB Logo
Home
မြန်မာသတင်း
အခွန်မဆောင်သည့် ပြည်ပအလုပ်အကိုင်အေဂျင်စီ ၂၈ ခု ကို အမည်ပျက်စာရင်းသွင်းမည်
DVB
·
May 19, 2025
အခွန်မဆောင်သည့် ပြည်ပအလုပ်အကိုင်အေဂျင်စီ ၂၈ ခု ကို အမည်ပျက်စာရင်းသွင်းမည်
Donate to DVB

ပြည်ပအလုပ်အကိုင်အေဂျင်စီ ၂၈ ခုကို အခွန်ပေးဆောင်ဖို့နဲ့ ပျက်ကွက်ရင် အမည်ပျက် (Blacklist) စာရင်းသွင်းသွားမယ်လို့ စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနက ကြေညာပါတယ်။

အေဂျင်စီတွေအနေနဲ့ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်မှာ ပြည်ပကို လုပ်သားစေလွှတ်တာ ရှိခဲ့ပေမဲ့ အခွန်မဆောင်သေးတာကြောင့် မေ ၃၁ ရက် နောက်ဆုံးထားကာ သက်ဆိုင်ရာ မြို့နယ် အခွန်ရုံးတွေဆီ အခွန်စည်းကြပ်မှုခံယူပြီး အချိန်မီတင်ပြဖို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ဘဏ္ဍာနှစ်အတွင်း ပြည်ပအလုပ်အကိုင်အေဂျင်စီ ၄၈၅ ခုမှ အလုပ်သမား ၁၃၁,၅၀၁  ယောက်ကို စေလွှတ်ထားခဲ့ကာ စေလွှတ်ခဲ့တဲ့အလုပ်သမားတွေအတွက် ကုန်သွယ်လုပ်ငန်းခွန် ပေးဆောင်ဖို့ စစ်ကောင်စီသြဇာခံ အလုပ်သမားဝန်ကြီးဌာနက မေလဆန်းပိုင်းမှာ ကနဦး သတိပေးထားပါတယ်။

အလုပ်သမား စေလွှတ်ထားတဲ့ အေဂျင်စီတွေအနက် အေဂျင်စီ ၂၈ ခုက အခွန်မဆောင်ရ သေးသလို သတင်းပေးပို့တာမရှိသေးလို့ ထုတ်ပြန်ကြေညာတာလို့ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန သတင်းအရင်းအမြစ်က  ပြောပါတယ်။

“တချို့အေဂျင်စီတွေဆိုရင် ဌာနကတောင် ဆက်သွယ်မရတာရှိတယ်။ အခွန်မဆောင်ရင် ထိထိရောက်ရောက် အရေးယူဖို့ကို အထက်ကလည်း ညွှန်ကြားထားတယ်။”

ပြည်ပအလုပ်အကိုင်အေဂျင်စီတွေအနေနဲ့ စေလွှတ်ခဲ့တဲ့ အလုပ်သမားဆီကရရှိတဲ့ ဝန်ဆောင်ခရဲ့ ၅ ရာခိုင်နှုန်းကို ကုန်သွယ်လုပ်ငန်းခွန် ပေးဆောင်ကြရတာလို့ အဲဒီလုပ်ငန်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

အခွန်ပေးဆောင်ဖို့ ပျက်ကွက်တဲ့ အေဂျင်စီတွေကို လုပ်သားစေလွှတ်ခွင့် ပိတ်တဲ့အထိ အရေးယူတဲ့ ဖြစ်ရပ်တွေလည်း ရှိခဲ့ပါတယ်။

လက်ရှိမှာ ပြည်ပကို အလုပ်သမားစေလွှတ်ခွင့် အကျိုးဆောင်လိုင်စင် ရယူထားတဲ့ အေဂျင်စီ ၆၀၀ ကျော်ရှိပေမဲ့ လုပ်သားစေလွှတ်ခဲ့တဲ့ အေဂျင်စီ ၄၈၅ ခုရှိတာကြောင့် အေဂျင်စီ ၁၀၀ ကျော်က လိုင်စင်ရယူပြီး အလုပ်သမားမပို့နိုင်ဘူးလို့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013