
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ ဆောင်းပြောင်းကျေးရွာအနီးမှာ မေ ၁၇ ရက် ဒီနေ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတွေ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားတဲ့အတွက် ဒေသခံတွေ စစ်ရှောင်နေကြရပြီး တချို့က ရွာထဲမှာ ပိတ်မိနေတယ်လို့ ပြောပါတယ်။
မေ ၁၇ ရက်နေ့ မနက် ၆ နာရီ ဝန်းကျင်မှာ ဆောင်းပြောင်းကျေးရွာက ဘုန်းကြီးကျောင်းနဲ့ ဘုရားတောင်ကျေးရွာက နန်းနိန်အနီးတဝိုက်မှာ ထိတွေ့တိုက်ပွဲ စတင်ဖြစ်ပွားတာလို့ သိရပါတယ်။
စစ်ရှောင်နေသူတယောက်က “ဆောင်းပြောင်းဘက် အခြေအနေ အခုထိ မငြိမ်သေးပါဘူးရှင့်။ မိုးတွေလည်းရွာ၊ တချို့က ရွာထဲမှာ ပိတ်မိနေတုန်း။ အခုတော့ (စစ်တပ်က) ရွာအဝင်အထွက် ပိတ်ပင်ထားပါတယ်။ ကျန်နေတဲ့လူတွေ ထွက်ခွင့်မပေးတော့ဘူး” လို့ပြောပါတယ်။
ဆောင်းပြောင်းကျေးရွာမှာ ဒေသခံထောင်ချီရှိပြီး ရွာကလူအားလုံးနီးပါးဟာ ကောင်ဗာရွာ၊ ထီဗိ၊ လူးဖုဲင်ခြင်း၊ နန်းထာ၊ ပင်ခွန်၊ တလာပဲင်ရွာ အစရှိတဲ့ရွာတွေဘက်ကို စစ်ရှောင်နေကြတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်အစပိုင်းမှာ စစ်ကောင်စီနဲ့ တော်လှန်ရေးအင်အားစုတွေ ဆောင်းပြောင်းရွာဝန်းကျင်မှာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပေမယ့် တနှစ်ဝန်းကျင်ပြန်ငြိမ်သွားခဲ့ပြီး အခု ထိတွေ့တိုက်ပွဲ ပြန်ဖြစ်ပွားတာလို့ သိရပါတယ်။
ခုလက်ရှိမှာ စစ်ကောင်စီတပ်ရဲ့ ဖယ်ခုံအခြေစိုက် ခမရ ၃၃၆ ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေရှိနေပြီး လက်နက်ကြီး၊ လက်နက်ငယ်သံတွေ ကြားနေရတယ်လို့ သိရပါတယ်။