
ဗြိတိန်နိုင်ငံရဲ့ တခုတည်းသော ထိပ်တန်း ဖက်ရှင်ကုမ္ပဏီဖြစ်တဲ့ ဘာဘယ်ရီ (Burberry) ဟာ ပြီးခဲ့တဲ့နှစ်က ရောင်းအားကျဆင်းပြီးနောက် အလုပ်အကိုင်ပေါင်း ၁,၇၀၀ ကို လျှော့ချရနိုင်တယ်လို့ အတည်ပြုပါတယ်။
လွန်ခဲ့တဲ့ ဘဏ္ဍာရေးနှစ်အတွင်း ပေါင် ၆၆ သန်း အရှုံးပေါ်ခဲ့ပြီးနောက် ဗြိတိန် ဒီဇိုင်နာထုတ် အမှတ်တံဆိပ်က ကုန်ကျစရိတ်လျှော့ချရေး အစီအစဉ်ကို ကြေညာသွားခဲ့တာပါ။
လာမယ့် ၂၀၂၇ မတိုင်ခင် တကမ္ဘာလုံးက အလုပ်သမားအင်အားစုရဲ့ ၅ ပုံ ၁ ပုံ နီးပါးကို လျှော့ချရမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
ဒါကြောင့် ဝက်စ်ယော့ခ်ရှားကောင်တီမှာရှိတဲ့ ကတ်ဆယ်ဖို့ဒ်စက်ရုံက အလုပ်သမားတွေကိုပါ ထုတ်ပယ်တာမျိုး ဖြစ်လာနိုင်ပါတယ်။
၂၀၂၄ နိုဝင်ဘာလမှာလည်း ဘာဘယ်ရီက အသုံးစရိတ်သက်သာရေး အစီအမံကို ကြေညာခဲ့ဖူးပြီး ၂၀၂၇ နွေဦးရာသီအထိ တနှစ်ပျမ်းမျှ ပေါင် သန်း ၁၀၀ လောက် ချွေတာနိုင်ဖို့အတွက် ရည်ရွယ်ထားပါတယ်။
ဘာဘယ်ရီ အမှုဆောင်အရာရှိချုပ် ဂျော်ရှူအာရှူးလ်မန်းကတော့ ကမ္ဘာတဝန်းမှာရှိတဲ့ ရုံးချုပ်ဝန်ထမ်းတွေကို အလုပ်အကိုင် ဆုံးရှုံးနိုင်ကြောင်း အသိပေးထားပါတယ်။
အဓိက အခြေစိုက်ရာဟာ ဗြိတိန်နိုင်ငံမှာ ဖြစ်တဲ့အလျောက် ပြည်တွင်းက ဝန်ထမ်းအများစုကို “အလိုအလျောက်” ဖယ်ရှားရနိုင်တယ်လို့လည်း ဖြည့်စွက်ပြောပါတယ်။
Coach နဲ့ Jimmy Choo) လိုမျိုး နာမည်ကြီး အမှတ်တံဆိပ်တွေမှာ အကြီးအကဲတာဝန် ယူခဲ့ဖူးတဲ့ ရှူးလ်မန်းဟာ ပြီးခဲ့တဲ့နှစ် ဇူလိုင်လအတွင်း ဘာဘယ်ရီရဲ့ စီအီးအိုအဖြစ် ခန့်အပ်ခံခဲ့ရသူ ဖြစ်ပါတယ်။
ဘာဘယ်ရီ ရောင်းအားကျဆင်းလာပြီးနောက် အမှုဆောင်အရာရှိချုပ်ဟောင်း ဂျော်နသန် အက်ခရိုရိုက်ရဲ့ နေရာကို ရှူးလ်မန်းက အစားထိုး တာဝန်ယူခဲ့တာပါ။
၁၈၅၆ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တဲ့ ဘာဘယ်ရီဟာ အညိုရောင်ဖျော့ဖျော့၊ အနီရောင်၊ အနက်ရောင်တို့နဲ့ ပေါင်းစပ်ကာ လေးထောင့်ကွက်ပုံစံ ထူးခြားတဲ့ဒီဇိုင်းကြောင့် နာမည်ကြီးပါတယ်။
၁၉၇၂ ခုနှစ်ကတည်းက ယော့ခ်ရှားအရပ်မှာ နာမည်ကြီး မိုးရေခံကုတ်အင်္ကျီတွေကို ထုတ်လုပ်လာခဲ့တဲ့ ကမ္ဘာ့ထိပ်တန်းအမှတ်တံဆိပ်တခုလည်း ဖြစ်ပါတယ်။
အခုလိုမျိုး ဇိမ်ခံပစ္စည်းတွေရဲ့ ဝယ်လိုအား ကျဆင်းလာချိန်မှာပဲ အမေရိကန်နဲ့ တရုတ်ကြားက ကုန်သွယ်ရေးစစ်ပွဲကြောင့် ဘာဘယ်ရီရဲ့ ရောင်းအားကို ဆိုးဆိုးရွားရွား ထိခိုက်စေခဲ့ပါတယ်။
Source: Reuters