
မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီက ဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ နည်းပညာ သတင်းအချက်အလက်စင်တာ ဝက်ဘ်ဆိုက်တခုကို စတင်လွှင့်တင်လိုက်ပြီလို့ မေ ၁၅ ရက်မှာ ကြေညာပါတယ်။
ဒီဝက်ဘ်ဆိုက်ဟာ စစ်ကောင်စီလက်အောက်ခံ အဖွဲ့အစည်းတွေ၊ နည်းပညာပံ့ပိုးရေးအဖွဲ့တွေနဲ့ တခြားသက်ဆိုင်တဲ့ အဖွဲ့တွေကြား ညှိနှိုင်းဆောင်ရွက်မှု၊ သတင်းအချက်အလက်နဲ့ တခြားအချက်အလက်တွေကို ရရှိမှု ပိုအားကောင်းစေဖို့နဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ ဒီဇိုင်းရေးဆွဲထားတာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီဝက်ဘ်ဆိုက်ဟာ ကျရောက်ပြီးတဲ့ ငလျင်ဘေးအန္တရာယ်နဲ့ အနာဂတ်မှာ ဖြစ်ပေါ်လာနိုင်တဲ့ သဘာဝဘေးအန္တရာယ်တွေရဲ့ ဆက်စပ်ဖြစ်စဉ်တွေကို တုံ့ပြန်ဆောင်ရွက်ရာမှာ အချိန်နဲ့တပြေးညီ တိကျမှန်ကန်တဲ့ နည်းပညာအချက်အလက်တွေကို အများပြည်သူဆီ ရောက်ရှိစေဖို့ ရည်ရွယ်တယ်လို့ မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီက ဆိုပါတယ်။
ဒီဝက်ဘ်ဆိုက်ကို မိုဘိုင်းအက်ပ် အဆင့်မြှင့်တင်သွားဖို့ရှိပြီး အများပြည်သူအတွက် ဘေးအန္တရာယ် စီမံခန့်ခွဲမှု တိုင်းတာရေး ကိရိယာတွေကို လွယ်လွယ်ကူကူ အသုံးပြုနိုင်မယ့် မိုဘိုင်းအက်ပ်တွေကိုလည်း မကြာခင် မိတ်ဆက်သွားမယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။