Home
မြန်မာသတင်း
ငလျင်အပျက်အစီးများ သွပ်ပြားကာခိုင်းသည့် မန္တလေးစည်ပင်ကို ဒေသခံများဝေဖန်
DVB
·
May 15, 2025

ငလျင် အပျက်အစီးတွေကို သွပ်ပြားကာဖို့ မန္တလေးစည်ပင်က ညွှန်ကြားထားတဲ့အပေါ် ဒေသခံတွေကတော့ သွပ်ကာဖို့ထက် ထိခိုက်ပျက်စီးနေတဲ့ အိမ်တွေ ဖြိုဖျက်ဖို့တောင် မပြီးသေးဘူးဆိုပြီး ဝေဖန်နေကြပါတယ်။

ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့တဲ့ အဆောက်အအုံတွေနဲ့ ဖြိုဖျက်အဆောက်အအုံတွေကို အပျက်အစီးတွေ ရှင်းလင်းပြီးနောက် အမြင်တင့်တယ်စေဖို့အတွက် သွပ်ပြားတွေနဲ့ကာထားဖို့ မန္တလေးစည်ပင်က မေ ၁၀ ရက်က ထုတ်ပြန်ခဲ့ပါတယ်။  

မတ် ၂၈ နေ့က လှုပ်ခတ်ခဲ့တဲ့ အင်အား ရစ်ချ်တာစကေး ၇ ဒသမ ၇ အဆင့်ရှိတဲ့ ငလျင်ကြီး လှုပ်ခတ်ခဲ့ပြီးတဲ့နောက် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးသွားတဲ့ အဆောက်အအုံတွေ ဖြိုဖျက်ထားတာတွေကို အမြင်တင့်တယ်စေဖို့ သွပ်ပြားတွေနဲ့ ကာထားကြဖို့ မန္တလေး စည်ပင်က ညွှန်ကြားထားပါတယ်။

အဆောက်အအုံတွေ ဖြိုဖျက်တာ ၁ ရာခိုင်နှုန်းတောင် မပြီးသေးဘူးလို့ မန္တလေးဒေသခံ ဦးကျော်က ပြောပါတယ်။

“ကာနေကြဖို့ မပြောနဲ့၊ ဖျက်လို့ကို မပြီးသေးဘူး၊ အခုမှ ၁ ရာခိုင်နှုန်းလောက်တောင် မပြီးသေးဘူး။ ဖျက်လို့ကို မပြီးသေးဘူး။ ကာရမယ်၊ မကာရဘူးဆိုတာ ထားပါတော့။ ဖျက်ပြီးလို့ ကာတာမျိုးဆိုတာ တမျိုးပေါ့၊ ဖျက်တာက ပြိုကျတဲ့ အိမ်တွေကို ဖျက်ပေးတာက ၁၀ ရာခိုင်နှုန်းတောင် မပြီးသေးဘူး။ ၁ ရာခိုင်နှုန်းတောင် မပြီးသေးဘူး။ ဆိုလိုတာက အလုံး ၁၀၀၀ ပြိုလို့ ၁၀၀ မပြီးသေးဘူးကွာ။ သဘောပြောပြတာ။”

မန္တလေးမှာ အခုလို ဖြိုဖျက်တာတွေ မပြီးသေးတာက စည်ပင်ရဲ့ လုပ်ငန်းစဉ်တွေ နှောင့်နှေးနေတာကြောင့် ဖြစ်တယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။

မန္တလေးမြို့ ဒေသခံတယောက်က “ကိုယ့်အိမ်ကိုယ် ဖျက်ဖို့ ကျနော်တို့ အင်ဂျင်နီယာတွေ၊ ကျနော်တို့ လုပ်ငန်း ကန်ထရိုက်တွေ ခေါ်ပြီး ဖျက်မယ်ဆိုတာတောင်မှ စာတင်ဦး၊ စာတင်ပြီးတော့ အမိန့်ကျမှ ဖြိုဆိုတဲ့ဟာမျိုးပေါ့။ စာတင်လည်း အနည်းဆုံး သုံးလလောက် ကြာတယ်ဆိုတော့ အခက်အခဲကတော့ အများကြီး ရှိတယ်။ အိမ်ဖြိုတဲ့ ဟာတွေနဲ့ ပတ်သက်ပြီးတော့လေ။ ဒီစည်ပင်ရဲ့ လုပ်ငန်းစဉ်က သူတို့ အဓိက လိုက်ဖြိုပေးလားဆိုတော့ အမှန်တိုင်း ပြောရရင်တော့ သူတို့နဲ့ ဆက်စပ်လုပ်ငန်းကြီးတွေ တော်တော်များများကိုပဲ လိုက်လုပ်ပေးတာ တွေ့ရတယ်၊ အမြန်ပေါ့နော်။ ပြီးတော့ ဖြိုခကလည်း ဈေးတွေကလည်း အမျိုးမျိုး ထွက်နေတာမျိုးတွေ ရှိတယ်ပေါ့နော်။ စည်ပင်ကို ပြန်လည်ပေးသွင်းရမယ့် ငွေဆိုတဲ့ဟာနဲ့ အိမ်ရှင်တွေအနေနဲ့ကျတော့ အိမ်ပစ္စည်း ဆုံးရှုံးမှုတွေ ရှိတယ်။ နောက်တခုကကျတော့ ကိုယ့်ပစ္စည်း ဆုံးရှုံးထားပါတယ်ဆိုမှ ဒီအိမ်ဖြိုခက ထပ်ပေးရဦးမယ်” လို့ ပြောပါတယ်။

အင်အားပြင်း ငလျင်ကြောင့် ထိခိုက်ပျက်စီးမှုများခဲ့တဲ့ မန္တလေး ၆ မြို့နယ်ထဲက ဆောက်လက်စ အဆောက်အအုံတွေကို ပြန်စစ်ဆေးဖို့ လိုတာကြောင့် ခဏရပ်နားထားဖို့ကိုလည်း စည်ပင်က ညွှန်ကြားထားပါသေးတယ်။

မန္တလေး ၆ မြို့နယ်အတွင်း အဆောက်အအုံ ၄၀၀၀ နီးပါး ပျက်စီးခဲ့တယ်လို့ သိရပြီး ငလျင်ဒဏ်သင့် လိမ္မော်ရောင်အဆင့်၊ အနီရောင်အဆင့် သတ်မှတ်ခံရတဲ့ အဆောက်အအုံပိုင်ရှင်တွေအနေနဲ့ မိမိတို့အဆောက်အအုံကို ပြန်လည်ပြင်ဆင်ချင်တာတွေနဲ့ ပတ်သက်ပြီး PE၊ RSE လိုင်စင်ရ အင်ဂျင်နီယာတွေရဲ့ ထောက်ခံချက်ပါတဲ့ ပြင်ဆင်ရမယ့် Method Statement နဲ့အတူ အဆောက်အအုံနဲ့ ကုန်ရုံဌာနဆီကို ပြန်လည်လျှောက်ထားရမှာဖြစ်ပြီး မလိုက်နာရင် အရေးယူမယ်လို့လည်း ကြေညာထားပါတယ်။

မန္တလေးမြို့ ဒေသခံတယောက်က “ဒီအိမ်ဆောက်ဖို့အတွက် လျှောက်ထားမယ်ဆိုရင်လည်း ဒါ စည်ပင်ကို သူတို့ သတ်မှတ်ထားတဲ့ လက်ရှိ ဥပဒေပေါ့နော်။ ဒီပြန်လည်ဆောက်ခွင့်နဲ့ ပတ်သက်တဲ့ ဥပဒေနဲ့အညီ ဆောင်ရွက်ပြီးပြီဆိုမှ တင်ပြုပြီးပြီဆိုမှ ကိုယ့်အိမ်ကိုယ် ပြန်ဆောက်ရမယ့် အနေအထားမျိုး ရှိတယ်။ လတ်တလောမှာက အိမ်တကယ်လို့ ဖြိုလိုက်တယ်၊ ပြိုသွားပြီ ဆိုရင်တောင်မှ အဲဒီမြေကွက်ကြီးက ဘယ်တော့မှ ပြန်ဆောက်ရမယ်ဆိုတဲ့ဟာက ရေရေရာရာ တိတိကျကျ မရှိဘဲ အဲဒီလို အိမ်ကွက် အလွတ်တွေပေါ့ အစ်မရယ်၊ ပြိုသွားတဲ့ ဟာမျိုးတွေထိ ကျနော်တို့ မြို့ထဲမှာ တွေ့ရတယ်” လို့ ပြောပါတယ်။

လက်ရှိမှာတော့ ကုန်ဈေးနှုန်းတွေ တက်နေတဲ့ အနေအထားကြောင့် သွပ်ပြားဈေးတွေကလည်း ဈေးမြောက်နေတဲ့အတွက် သွပ်ပြားကာတာတွေ သိပ်မတွေ့ရသေးဘူးလို့လည်း ဒေသခံတွေက ဆိုပါတယ်။

Sky Villa မှာတော့ သွပ်ပြားကာထားတာ တွေ့ရပြီး ကျန်တဲ့ အဆောက်အအုံတွေ တော်တော်များများမှာတော့ ကြိုးနဲ့ပဲ တားထားတယ်လို့လည်း သိရပါတယ်။ 

မြတ်သဇင်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024