
ကိုပါအီတာလီယာဖလား ဗိုလ်လုပွဲမှာ အေစီမီလန်ကို အနိုင်ယူခဲ့တဲ့ ဘိုလော့ညာအသင်းဟာ နှစ်ပေါင်း ၅၀ ကျော်အတွင်း ပထမဆုံးဆုဖလား ဆွတ်ခူးနိုင်ခဲ့ပါတယ်။
ရောမမှာရှိတဲ့ ပရိသတ် ၇၀,၀၀၀ လောက်ဆံ့တဲ့ အိုလံပီကိုကွင်းမှာ ကစားခဲ့တဲ့ ဗိုလ်လုပွဲမှာ ဘိုလော့ညာအသင်းက ပွဲချိန် ၅၃ မိနစ်မှာ သွင်းယူခဲ့တဲ့ အမ်ဒိုယီရဲ့ဂိုးနဲ့ အနိုင်ရရှိခဲ့တာပါ။
၁၉၇၃-၇၄ ရာသီက ကိုပါအီတာလီယာဖလားရရှိပြီး နောက်ဆုံးအကြိမ် ဆုဖလားရယူခဲ့တဲ့ ဘိုလော့ညာအသင်းအတွက် နှစ်ပေါင်း ၅၁ နှစ်အကြာမှာ ပထမဆုံးဆုဖလား ပြန်လည်ရယူနိုင်ခဲ့တာပါ။
ဘိုလော့ညာနည်းပြ အီတာလီယာနို အတွက်လည်း ဖီအိုရင်တီးနားနည်းပြဘဝမှာ ဗိုလ်လုပွဲ ၃ ကြိမ် ဆက်တိုက် ရှုံးနိမ့်ခဲ့ပြီးနောက် ပထမဆုံး ဆုဖလားရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
အခုနှစ်ရာသီ စီးရီးအေ အဆင့် ၇ မှာ ရပ်တည်နေတဲ့ ဘိုလော့ညာအသင်းဟာ အီတလီစီးရီးအေမှာ ချန်ပီယံ ၇ ကြိမ် ဖြစ်ဖူးတဲ့အသင်းဖြစ်ပြီး ၁၉၆၃-၆၄ ရာသီက နောက်ဆုံးအကြိမ် ချန်ပီယံ ဖြစ်ခဲ့တာပါ။